OnePlus ဘက်ကနေ အမေရိကန်နဲ့ ဥရောပ ဈေးကွက်တွေမှာ ထုတ်ကုန်အသစ်တွေ ထပ်မရောင်းတော့ဘဲ ထွက်ခွာတော့မယ်လို့ ကြေညာလိုက်သလို၊ နောက်ပိုင်း OS ပိုင်းမှာလည်း OxygenOS ကို စွန့်လွှတ်ပြီး OPPO ရဲ့ ColorOS 17 ကိုပဲ ပြောင်းသုံးတော့မယ်လို့ ဆိုပါတယ်။
အလားတူပဲ realme CEO Xu Qi ကလည်း တရုတ်ပြည်တွင်းမှာ စမတ်ဖုန်းအသစ်တွေ မိတ်ဆက်တာကို ခဏဆိုင်းငံ့လိုက်ပြီလို့ ပြောလာပါတယ်။ Xiaomi နဲ့ REDMI တို့လို ပြိုင်ဘက်တွေကို မယှဉ်နိုင်တော့လို့ တရုတ်ပြည်တွင်း ဈေးကွက်ကို လက်လျှော့လိုက်တဲ့ သဘောပါပဲ။ ဒါပေမဲ့ OnePlus နဲ့ မတူတာကတော့ realme ဟာ အိန္ဒိယလိုမျိုး ကမ္ဘာ့ဈေးကွက်တွေမှာတော့ ဖုန်းတွေကို ဆက်လက်ရောင်းချသွားမှာ ဖြစ်ပါတယ်။ OS ပိုင်းမှာတော့ realme ဖုန်းတွေဟာလည်း သီးသန့် realme UI မသုံးတော့ဘဲ ColorOS 17 နဲ့ပဲ ထွက်ရှိလာတော့မှာပါ။
ဒီဖြစ်ရပ်တွေကိုကြည့်ရင် တစ်ကမ္ဘာလုံးမှာ ကြုံတွေ့နေရတဲ့ RAM နဲ့ Storage ပြတ်တောက်မှု ပြဿနာဟာ တရုတ်ဖုန်းကုမ္ပဏီတွေကို တော်တော်လေး ရိုက်ခတ်နေပြီဆိုတာ သိသာပါတယ်။ ဒါတောင် အစပဲ ရှိသေးပြီး ၂၀၂၇၊ ၂၀၂၈ အထိ ဒီထက်ပို ဆိုးရွားလာနိုင်တယ်လို့ ခန့်မှန်းနေကြတာမို့ စမတ်ဖုန်းလောကရဲ့ အနာဂတ်ဟာ တော်တော်လေး စိန်ခေါ်မှုများလာနိုင်ပါတယ်။






