AI ကို လေ့ကျင့်ပေးဖို့ လုပ်ငန်းခွင် အလုပ်တွေကို ဗီဒီယို ရိုက်ကူးပေးနေကြတဲ့ အိန္ဒိယ အလုပ်သမားများ

အိန္ဒိယနိုင်ငံ၊ ဘင်္ဂလောမြို့က အသက် ၂၂ နှစ်အရွယ် မုတ်ဆိတ်၊ ဆံပင်ညှပ်ဆရာ Mohammed Ashim ဟာ အခုရက်ပိုင်းမှာ ခေါင်းပေါ် ကင်မရာ တပ်ပြီး အလုပ်လုပ်နေရပါတယ်။ ကင်မရာက သူရဲ့ လက်နဲ့ လက်ချောင်း လှုပ်ရှားမှုတွေကိုပဲ အဓိက ရိုက်ကူးထားပြီး ဝယ်သူတွေရဲ့ မျက်နှာကိုတော့ ေဝဝါး (Blur) ပေးထားတာပါ။ သူက “အလုပ်လုပ်ရတာ ရိုးရိုးလေးပေမဲ့ လက်က Frame ထဲက မထွက်အောင်နဲ့ မျက်နှာပြင် အလင်းရောင် အမြဲ ရနေအောင် ဂရုစိုက်ရတယ်။ အခုလို ကမ္ဘာ့ Tech ကုမ္ပဏီကြီးတွေအတွက် ငါ့ရဲ့ ဓါးအသုံးပြုတဲ့ နည်းစနစ်တွေက အသုံးဝင်နေတယ်ဆိုတာ တကယ်ကို စိတ်လှုပ်ရှားစရာပါပဲ” လို့ ပြောပါတယ်။

Ashim ဟာ ကမ္ဘာတစ်ဝှမ်းမှာ မိမိတို့ရဲ့ လှုပ်ရှားမှုတွေကို ဗီဒီယို ရိုက်ကူးပြီး ဝင်ငွေရှာနေကြတဲ့ အလုပ်သမား ရာပေါင်းများစွာထဲက တစ်ယောက်ပါ။ ဒီ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို ဒေသတွင်း ကုမ္ပဏီတွေကတစ်ဆင့် နည်းပညာ ကုမ္ပဏီကြီးတွေနဲ့ သုတေသန အဖွဲ့အစည်းတွေဆီ ပြန်လည် ရောင်းချကြပါတယ်။ ဒါဟာ ပြင်ပကမ္ဘာမှာ စက်ရုပ်တွေကို ထိန်းချုပ်မယ့် Physical AIနည်းပညာကို သင်ကြားလေ့ကျင့်ပေးဖို့အတွက် ဖြစ်ပါတယ်။

Rashdan Technologies ရဲ့ ပူးတွဲတည်ထောင်သူ Shahil Baig ရဲ့ အဆိုအရ စက်ရုပ်ကုမ္ပဏီတွေနဲ့ AI Lab တွေဟာ စက်ရုံသုံး အလုပ်တွေ၊ စိုက်ပျိုးရေး၊ အိမ်မှုကိစ္စတွေနဲ့ လက်မှုပညာ အလုပ်မျိုးစုံရဲ့ Data တွေကို လိုအပ်နေကြတာပါ။ ဒါကြောင့် အလုပ်သမားတွေကို ၈ နာရီကနေ ၁၀ နာရီ စက်ရိုက်ပေးရင် ၅ ဒေါ်လာကနေ ၁၀ ဒေါ်လာအထိ ပေးချေကြပါတယ်။ ဝယ်သူတွေဘက်က တောင်းဆိုမှု ပိုများလာတဲ့အတွက် အခုဆိုရင် ခေါင်းပေါ်မှာ ကင်မရာ ၄ ခုကနေ ၆ ခုအထိ တပ်ဆင်ရိုက်ကူးပေးရတဲ့အထိ Data စုဆောင်းမှုစနစ်တွေ တိုးတက်လာခဲ့ပါတယ်။

ဒီလို Data တွေက ဘာလို့ ဒီလောက်တောင် အရေးပါနေရတာလဲ?

Humyn Labs ရဲ့ တည်ထောင်သူ Manish Agarwal ကတော့ စက်ရုပ်တွေကို ပြင်ပကမ္ဘာမှာ အမှန်တကယ် အသုံးပြုနိုင်ဖို့အတွက် ကွန်ပျူတာ Simulation စနစ်တစ်ခုတည်းနဲ့တင် မလုံလောက်ဘဲ လူတွေရဲ့ လက်တွေ့ လှုပ်ရှားမှု Data တွေ လိုအပ်တယ်လို့ ဆိုပါတယ်။ ဥပမာ – ပလတ်စတစ် ပုလင်းတစ်လုံးကို မစုတ်ပြတ်သွားအောင် ဖိကိုင်ရမယ့် အားပမာဏနဲ့ ဖန်ခွက်ကို ကိုင်ရမယ့် အားပမာဏ မတူတာမျိုးတွေကို စက်ရုပ်တွေ နားလည်အောင် သင်ပေးရတာပါ။

လက်ရှိမှာ အင်တာနက်ပေါ်မှာ အိမ်သန့်ရှင်းရေးလုပ်တာ၊ စက်ရုံမှာ ပစ္စည်းတပ်ဆင်တာလိုမျိုး လူတွေ လက်တွေ့ လုပ်ဆောင်ထားတဲ့ အသေးစိတ် Data မရှိတာကြောင့် အစကနေ ပြန်လည် ရိုက်ကူး စုဆောင်းနေရတာ ဖြစ်ပါတယ်။

စက်ရုပ်တွေကို သင်ပေးနေရင်းနဲ့ အနာဂတ်မှာ ကိုယ့်အလုပ်ကိုယ် ပြန်ပြုတ်သွားမှာလား?

ဒီအချက်နဲ့ ပတ်သက်လို့ ပညာရှင်တွေကတော့ စက်ရုပ်တွေ အနာဂတ်မှာ လူတွေရဲ့ အလုပ်ကို အစားထိုးလာနိုင်ခြေ ရှိတာကြောင့် စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ အလုပ်သမားတွေအနေနဲ့ သူတို့ ဘာထဲမှာ ပါဝင်နေသလဲဆိုတာ သတိမထားမိမီမှာတင် အခြေအနေတွေက လွန်လွန်ကဲကဲ ဖြစ်သွားနိုင်တာကြောင့် အစိုးရတွေအနေနဲ့ AI နည်းပညာကို စနစ်တကျ ထိန်းချုပ်ရေး စည်းမျဉ်းတွေ ထုတ်ပြန်ပေးဖို့ လိုအပ်တယ်လို့ ထောက်ပြကြပါတယ်။

ဒါပေမဲ့ အိန္ဒိယက အထည်ချုပ် အလုပ်သမား Mohammed Arman အတွက်ကတော့ ဒါဟာ ဝမ်းစာရေးအတွက် ရုန်းကန်ရမှုတစ်ခုပါပဲ။ “ငါ့အတွက်ကတော့ ရှင်းရှင်းလေးပါပဲ။ ဒါဟာ အသက်ဆက်ဖို့ ရုန်းကန်ရတာပါ။ အိမ်မှာရှိတဲ့ မိသားစုဆီ ပိုက်ဆံ ပိုပို့နိုင်ဖို့အတွက် ၁၀ နှစ်လုံးလုံး လုပ်လာခဲ့တဲ့ အထည်ချုပ်အလုပ်ကိုပဲ ကင်မရာလေး တပ်ပြီး လုပ်ရုံနဲ့ ပိုက်ဆံ ပိုရမယ်ဆိုရင်တော့ မငြင်းပါဘူး” လို့ ပြောပါတယ်။

အလားတူပဲ သိပ္ပံဆရာမ Jolly Arifur ကလည်း အိမ်မှာ ကလေးထိန်းရင်း အိမ်မှုကိစ္စတွေ လုပ်နေစဉ်မှာ ကင်မရာ တပ်ဆင်ထားရုံနဲ့ တစ်နာရီကို ၂ ဒေါ်လာကနေ ၃ ဒေါ်လာအထိ အပိုဝင်ငွေ ရရှိနေတာကြောင့် မိသားစုအတွက် တကယ်ကို အသုံးဝင်တဲ့ အလုပ်တစ်ခု ဖြစ်နေပါတယ်။

အိန္ဒိယအနေနဲ့ အနာဂတ်မှာ ရိုးရိုး ဗီဒီယို ရိုက်ကူးရောင်းချသူ အဆင့်ကနေ အချက်အလက်တွေကို စနစ်တကျ ပြုပြင်ဖန်တီးပေးတဲ့ အဆင့်မြင့် Data Supply Chain ဘက်ဆီ တက်လှမ်းနိုင်ဖို့ လိုအပ်နေကြောင်း နည်းပညာရှင်များက သုံးသပ်ထားကြပါတယ်။


Latest