Siri က မလုံးချင်လို့ မဟုတ်ဘူး၊ iPhone 18 Pro ကို စောင့်နေတာပါ
Apple ကနေ Siri AI အသစ်စက်စက်ကို မိတ်ဆက်ပေးလိုက်တဲ့အခါ လက်ရှိ iPhone တွေမှာ မြင်တွေ့ရတဲ့ ခေါ်သုံးပုံစံ (UI) ကို Dynamic Island ကနေ အောက်ကို လျှောကျလာတဲ့ ပုံစံမျိုး ပြောင်းလဲပစ်ခဲ့ပါတယ်။ ဒါပေမဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ကွဲလွဲချက်တစ်ခုကတော့… Apple က Vision Pro မှာရော တခြားကြော်ငြာ ဗီဒီယိုတွေထဲမှာပါ Siri ရဲ့ Animation ကို စွဲမက်စရာ စက်ဝိုင်းအလုံးပုံစံလေး ပြသထားပေမယ့်၊ လက်ရှိ လက်ထဲက iPhone တွေမှာ စမ်းသုံးကြည့်တဲ့အခါကျတော့ လုံးဝအဝိုင်းကြီး မဟုတ်ဘဲ ဘဲဥပုံစံ ရှည်မျောမျောကြီး ဖြစ်နေတာပါပဲ။
ဒါနဲ့ပတ်သက်ပြီး X (Twitter) ပေါ်က နည်းပညာစောင့်ကြည့်သူ Lore (@lrxfo) က စိတ်ဝင်စားစရာ အချက်တစ်ခုကို ထောက်ပြလာပါတယ်။ လက်ရှိ ဖုန်းတွေမှာ ရှိနေတဲ့ Dynamic Island အပေါက်က အရွယ်အစား ကြီးလွန်းနေသေးတာကြောင့် Siri ရဲ့ UI ကို လုံးဝ စက်ဝိုင်းပုံစံ ဖန်တီးလို့ မရသေးတာလို့ ဆိုပါတယ်။ လာမယ့် စက်တင်ဘာလမှာ ထွက်ရှိလာမယ့် iPhone 18 Pro ကျမှသာ ဒီ Dynamic Island အပေါက်က သိသိသာသာ ပိုပြီး သေးငယ်သွားမှာဖြစ်လို့၊ Apple က ကြော်ငြာထဲမှာ ကြွားထားတဲ့အတိုင်း Siri AI ရဲ့ ပုံစံက လုံးဝ ဝိုင်းစက်ပြီး လှပသွားမှာ ဖြစ်ပါတယ်။
ဒါကို ကြည့်ခြင်းအားဖြင့် Apple က iPhone 16 Series တုန်းကတည်းက “Apple Intelligence အတွက် သီးသန့်ထုတ်လုပ်ထားတာ” ဆိုပြီး ဘယ်လိုပဲ ကြော်ငြာခဲ့ပါစေ… တကယ်တမ်း ကွက်တိကျပြီး အနှစ်သာရအပြည့်ရှိမယ့် Siri AI အသစ်ရဲ့ အသွင်အပြင်ကိုတော့ လာမယ့် iPhone 18 Pro ရောက်မှပဲ အပြည့်အဝ ခံစားခွင့်ရမယ့်သဘော ဖြစ်နေပါတော့တယ်။






