Trump Mobile ရဲ့ T1 Phone ကတော့ ပုံစံတစ်မျိုးနဲ့ ပြန်ပေါ်လာဖို့ ပြင်ဆင်နေပါပြီ

Trump Mobile ရဲ့ T1 Phone ကတော့ လုံးဝပျောက်ကွယ်သွားတာမျိုးမဟုတ်ဘဲ ပရိသတ်တွေရှေ့ကို ပုံစံတစ်မျိုးနဲ့ ပြန်ပေါ်လာဖို့ ပြင်ဆင်နေပါပြီ။ ကုမ္ပဏီတာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရတော့ ဖုန်းက ထွက်လာဖို့ ရှိနေဆဲဖြစ်ပေမဲ့ အစောပိုင်းက ကြေညာထားတဲ့ အသွင်အပြင်နဲ့တော့ သိသိသာသာ ကွဲပြားသွားတော့မှာပါ။

အသစ်ပြောင်းလဲလိုက်တဲ့ ဒီဇိုင်းမှာဆိုရင် ကင်မရာတွေကို ဒေါင်လိုက်စီထားတဲ့ ပုံစံသစ်ကို မြင်တွေ့ရမှာဖြစ်ပြီး အရင်က လူပြောများခဲ့တဲ့ “T1” Logo ကိုတော့ ဖြုတ်ပစ်လိုက်ပြီလို့ သိရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အမှတ်အသားဖြစ်တဲ့ ရွှေအိုရောင် အလှဆင်မှုတွေနဲ့ အမေရိကန်အလံပုံရိပ်တွေကတော့ ပရိသတ်တွေ အကြိုက် ဆက်ရှိနေဦးမှာပါ။

စိတ်ဝင်စားစရာကောင်းတာတစ်ခုကတော့ အစတုန်းက အမေရိကန်မှာပဲ အပြီးအစီး ထုတ်လုပ်မယ်လို့ ဆိုခဲ့ပေမဲ့ အခုတော့ လက်တွေ့အခြေအနေအရ အစိတ်အပိုင်းတွေကို တရုတ်နိုင်ငံကနေ မှာယူပြီးမှ အမေရိကန်မှာ ပြန်လည်တပ်ဆင်တဲ့ ပုံစံမျိုးကို ပြောင်းလဲလိုက်ရတာပဲ ဖြစ်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းမှာလည်း အဆင့်မြင့်တဲ့ Chipset တွေ၊ များပြားလှတဲ့ သိုလှောင်မှုပမာဏတွေနဲ့ ဘက်ထရီအားအကြမ်းခံတဲ့ စနစ်တွေကို ထည့်သွင်းပေးထားပြီး ကင်မရာပိုင်းကိုလည်း အရင်ထက် ပိုကောင်းအောင် အဆင့်မြှင့်တင်ထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စျေးနှုန်းပိုင်းမှာတော့ အရင်က ကတိပေးခဲ့တဲ့စျေးထက် အတော်လေး မြင့်တက်သွားနိုင်တာကြောင့် သုံးစွဲသူတွေအတွက် အနည်းငယ် စဥ်းစားစရာ ဖြစ်လာပါတယ်။ အစောပိုင်းက စရံပေးထားတဲ့သူတွေအတွက်တော့ အခွင့်အရေးအချို့ ရှိနေသေးပေမဲ့ အပြိုင်အဆိုင်များလွန်းတဲ့ စမတ်ဖုန်းလောကထဲမှာ ဒီဖုန်းက နိုင်ငံရေးအရ ဆွဲဆောင်မှုအပြင် နည်းပညာပိုင်းမှာရော လူကြိုက်များပါ့မလားဆိုတာကတော့ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရဦးမှာပါပဲ။


Latest