WWDC Keynote မှာ F1 ရဲ့ Haptic Feedback

Apple ရဲ့ ဒီနှစ် WWDC Keynote မှာ F1 ကားတွေ Apple Campus ခေါင်မိုးပေါ်မှာ မောင်းပြသွားတာ မြင်ကြမှာပေါ့။ ဒါက လာမယ့် ဇွန် ၂၇ ရက်မှာ ရုံတင်မယ့် Apple က အကုန်အကျခံ ထုတ်လုပ်ထားတဲ့ F1: The Movie ရဲ့ ပရိုမိုးရှင်းတစ်ပိုင်းလို့ ပြောလို့ရတယ်။ အခုဆို iPhone နဲ့ iPad ပေါ်မှာ Apple TV App ကနေ F1: The Movie ရဲ့ Trailer ကို ကြည့်လို့ရပြီ။ ဒါပေမယ့် YouTube က Trailer နဲ့ မတူဘူးနော်။ ဘာကမတူလဲဆို ဒီရုပ်ရှင် Trailer မှာ Haptic Feedback ထည့်ပေးထားတာ!

ဒီ Haptics နဲ့ ကြည့်ရတာ တကယ်မိုက်တယ်။ F1 ကားအင်ဂျင်သံတွေ ထွက်လာရင်၊ လီဗာနင်းလိုက်တဲ့အချိန်မှာ ဖုန်းကို ကိုင်ထားတဲ့လက်က Vibration တွေ ခံစားရတာမျိုး။ တကယ့်ကို ကားထဲထိုင်နေသလို ခံစားရတယ်လေ။ နောက်ပိုင်း ရုပ်ရှင်တွေမှာလည်း ဒီလို Haptics တွေ တစ်ကားလုံး ထည့်ပေးနိုင်ရင် ပိုပြီး တကယ့်လို ခံစားရမယ့် အတွေ့အကြုံမျိုး ဖြစ်လာမယ်ထင်တယ်။

Apple က နောက်ပိုင်းမှာ Haptics ပိုင်းကို တိတ်တဆိတ် အလေးအနက်ထားလုပ်နေသလိုပဲ။ ဥပမာ၊ မကြာသေးခင်က Apple Music မှာ သီချင်းရဲ့ Beat နဲ့လိုက်ပြီး Haptic Vibration ထွက်လာတဲ့ Music Haptics လေးကို မိတ်ဆက်ထားသေးတယ်။ အခုဆို Apple TV မှာတောင် Trailer တွေမှာ Haptics စထည့်ပေးနေပြီ။

ဒါကို ကြည့်ရင်း စဉ်းစားမိတာက၊ အနာဂတ်မှာ ဖုန်းတွေရဲ့ နည်းပညာပိုင်း ပိုတိုးတက်လာရင်၊ Apple Vision Pro လို AR/VR နည်းပညာတွေက တစ်ဖက်မှာ အဖြေတစ်ခုဖြစ်နေမယ်။ ဒါပေမယ့် ဒီ Haptics Vibration တွေကလည်း Virtual Reality မှာ မြင်နေရတာတွေကို ပိုပြီး တကယ်လိုခံစားရအောင် လုပ်ပေးနိုင်မယ့် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာမယ်ထင်တယ်။ Apple က အခုကတည်းက ဒီလို ပိုမိုနစ်မြုပ်စွဲလမ်းဖွယ် User Experience အတွက် တဖြည်းဖြည်း ပြင်ဆင်နေသလားပဲ။


Latest