ယခုခေတ်မှာ “မျက်မြင်ကိုယ်တွေ့မို့လို့ ယုံပါတယ်” ဆိုတဲ့ စကားဟာ သုံးရခက်လာပါပြီ။
သုတေသီတွေရဲ့ နောက်ဆုံးတွေ့ရှိချက်အရ လူတွေဟာ တကယ့် အစစ်အမှန် ဗီဒီယိုတွေနဲ့ AI က ဖန်တီးထားတဲ့ Deepfake ဗီဒီယိုတွေကို ခွဲခြားသိမြင်နိုင်စွမ်း သိပ်မရှိတော့ဘူးလို့ ဆိုပါတယ်။
သုတေသီတွေဟာ DF26 Benchmark သုတေသနအတွက် လူတွေ စကားပြောနေတာနဲ့ အင်တာဗျူး ဖြေဆိုနေတဲ့ ပုံစံတွေ ပါဝင်တဲ့ ၅ စက္ကန့်စာ ဗီဒီယိုပေါင်း ၂,၆၉၁ ခုကို အသုံးပြုပြီး စမ်းသပ်ခဲ့ကြတာဖြစ်ပါတယ်။
ဒီစမ်းသပ်မှုမှာ Google၊ Alibaba၊ xAI (Grok) တို့အပါအဝင် နာမည်ကြီး AI စနစ် ၇ မျိုးကနေ ထုတ်လုပ်ထားတဲ့ ဗီဒီယိုတွေကို အသုံးပြုခဲ့ကြပါတယ်။
အံ့သြစရာကောင်းတာက စမ်းသပ်ခံရသူတွေဟာ AI ဗီဒီယိုတွေကို ၅၂.၆ ရာခိုင်နှုန်းလောက်ပဲ မှန်ကန်စွာ ခွဲခြားနိုင်ခဲ့တာပါ။ ဒါဟာ မျက်စိမှိတ်ပြီး ခေါင်းပန်းလှန် ရမ်းဆရွေးတာနဲ့ သိပ်မကွာခြားတဲ့ ရလဒ်ဖြစ်ပါတယ်။ ပိုဆိုးတာက AI အတုအယောင်တွေကို ဖမ်းဆီးဖို့ အထူးဖန်တီးထားတဲ့ ကွန်ပျူတာ Detection Program တချို့ဆိုရင် မှန်ကန်စွာ ခွဲခြားနိုင်စွမ်း ၅၀ ရာခိုင်နှုန်းအောက် (၄၈.၂%) အထိ ကျဆင်းသွားခဲ့ပါတယ်။
အတုအယောင် နည်းပညာရဲ့ ပြောင်းလဲလာပုံ
ဒီလေ့လာမှုကနေ စိုးရိမ်စရာကောင်းတဲ့ အချက်တစ်ချက်ကို တွေ့ရပါတယ်။ အရင်ကလို လူတစ်ယောက်ရဲ့ မျက်နှာတစ်ခုတည်းကိုပဲ အစားထိုးပြောင်းလဲတာမျိုး မဟုတ်တော့ဘဲ၊ အခုနောက်ပိုင်း ခေတ်မီ AI မော်ဒယ်တွေဟာ ပြကွင်းပြကွက် တစ်ခုလုံးနဲ့ လှုပ်ရှားမှု တစ်ခုလုံးကိုပါ အစစ်အမှန်အတိုင်း အသစ်ပြန်လည် ဖန်တီးနိုင်စွမ်း ရှိလာတာဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ အရင်က သုံးခဲ့တဲ့ အတုအယောင် ဗီဒီယို ဖမ်းဆီးရေး နည်းလမ်းဟောင်း (Detection Tools) တွေဟာ အခုချိန်မှာ အသုံးမဝင်တော့ဘဲ အသစ်ပြန်လည် အဆင့်မြှင့်ဖို့ လိုအပ်နေပြီလို့ သုတေသီတွေက သတိပေးထားပါတယ်။






