ကိုရီးယားရဲ့အကောင်းဆုံးကမ်းခြေများ (part 2)

ကိုရီးယားရဲ့အကောင်းဆုံးကမ်းခြေတွေအနေနဲ့ အရင်တပတ်က 1. Haeundae ကမ်းခြေ 2. Busan Songdo ကမ်းခြေ 3. Sokcho ကမ်းခြေ 4. Yangyang Surfyy ကမ်းခြေ တို့ကို ဖော်ပြခဲ့ပါတယ်။ ဒီနေ့မှာလဲ နောက်ထပ် အမိုက်စားကမ်းခြေတွေဖြစ်တဲ့ 5. Naksan ကမ်းခြေ 6. Gwakji ကမ်းခြေ 7. Seonnyeo Rock ကမ်းခြေ 8. Eurwang-ri ကမ်းခြေ တို့ကို ဖော်ပြပေးလိုက်ပါတယ်။

5. Naksan ကမ်းခြေ (낙산해수욕장)
နေထွက်တဲ့အချိန် ကမ်းခြေကနေ ကြည့်ရတာ တော်တော်လေး မိုက်ပြီး လှပတဲ့ ချောက်ကမ်းပါးတွေနဲ့ ရေကလဲ ကြည်လင်တဲ့အတွက် ရေပန်းစားတဲ့ နေရာတစ်ခုဖြစ်လာပြီး Naksan ကမ်းခြေဟာ ကိုရီးယားရှိ အကောင်းဆုံးကမ်းခြေစာရင်းထဲကို ဝင်ရောက်လာပါတယ်။ ရေအနက် 1.5 မီတာဘဲ ရှိတာကြောင့် အသက်အရွယ်မရွေး ရေဆော့ကစားနိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် Naksan ကမ်းခြေဟာ တစ်နှစ်ကို ခရီးသွား 1 သန်းကျော်ကို ဆွဲဆောင်နိုင်ခဲ့ပြီး Gangwon ပြည်နယ် Yangyang ရဲ့ အကျော်ကြားဆုံး ကမ်းခြေတွေထဲက တခုဖြစ်ပါ။ ၁ ညတာ တည်းခိုဖို့အတွက် ဟိုတယ်၊ တည်းခိုခန်းတွေလဲရှိပြီး ကော်ဖီဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကိုလဲ အလွယ်တကူ ရှာဖွေနိုင်တာကြောင့် စိတ်ပူစရာမလိုပါဘူး။ ကမ်းခြေရဲ့နောက်ဘက်မှာ Naksansa ဘုရားကျောင်း (낙산사) ရှိပြီး Silla မင်းဆက်လက်ထက်က ဗုဒ္ဓဘာသာဘုန်းကြီး Uisang က တည်ဆောက်ခဲ့တဲ့ ရှေးဟောင်းဘုရားကျောင်း ဖြစ်ပါတယ်။ ပိုစိတ်ဝင်စားဖို့ကောင်းတာက ဘုရားကျောင်းမှာ တည်းခိုလို့ ရနိုင်ပါတယ်။
လိပ်စာ- 59၊ Haemaji-gil၊ Yangyang-gun၊ Gangwon-do (강원도 양양군강현면 해맞이길 59)
ဆိုးလ်ကနေ ဘယ်လိုသွားရမလဲ ?
– Seoul Express Bus Terminal (Seoul Subway Line 3) ဒါမှမဟုတ် Gangbyeon ဘူတာမှာရှိတဲ့ Dong Seoul Bus Terminal (Seoul Subway Line 2) ကနေ Yangyang Express Bus Terminal ကိုဘတ်စ်ကားစီးပါ။ ဘတ်စ်ကားလက်မှတ်တွေကို ကောင်တာမှာ ဝယ်လို့ရပြီး ခရီးစဥ်ကတော့ 2 နာရီခွဲလောက် ကြာပါတယ်။
– Yangyang Express Bus Terminal ကနေ Songamri ဘတ်စ်ကားဂိတ် 3 မိနစ်ခန့် လမ်းလျှောက်ပြီး ဘတ်စ်ကား 9-1 ကိုစီးပါ။ Josan ဘူတာတွင်ဆင်းပြီး Naksan Beach 5 မိနစ်ခန့်လမ်းလျှောက်ပါ။

6. Gwakji ကမ်းခြေ (곽지해수욕장)
Jeju ရဲ့နာမည်ကြီးကမ်းခြေဖြစ်တဲ့ Gwakji ကမ်းခြေ (Gwakji Gwamulhaebyeon ကမ်းခြေ (곽지과물해변 လို့လဲ လူသိများ) ဟာ တောင်ကိုရီးယားရဲ့ အကောင်းဆုံးကမ်းခြေတွေထဲက တခုဖြစ်ပါတယ်။ ဒေသခံဒဏ္ဍာရီတစ်ခုအရ၊ Gwaji ကမ်းခြေဟာ ယခင်က ရှေးကျတဲ့ ရွာတစ်ရွာဖြစ်ခဲ့ပြီး တစ်နေ့မှာတော့ သဲထဲမှာ နစ်မြုပ်ခဲ့ပြီး နောက်ပိုင်းတွင် Gwakji ကမ်းခြေအဖြစ် ပေါ်ပေါက်လာခဲ့တယ် ဆိုပါတယ်။ Gwakji ကမ်းခြေမှာ လှိုင်းစီးခြင်းနှင့် paddle boarding တို့ကိုလဲ ခံစားနိုင်ပါတယ်။ တခြားလူကြိုက်များ ပြုလုပ်လေ့ရှိကြတာကတော့ ကယပ်လှေစီးခြင်းနဲ့ နေပူဆာလှုံခြင်း တို့ဖြစ်ပါတယ်။
လိပ်စာ- Geumseong 5-gil၊ Jeju-si၊ Jeju-do (제주특별자치도 제주시 애월읍 금성5길)
Jeju အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ဘယ်လိုသွားရမလဲ ?
– Jeju အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ Seogwipo Bus Terminal ကို 5 မိနစ်ခန့် လမ်းလျှောက်ပါ။
– ဘတ်စ်ကား 102 ကိုစီးပြီး Aewol Bus Transfer ဘူတာမှာ ဆင်းပါ။
– Aewol Bus Transfer ဘူတာမှာ ဘတ်စ်ကား 202-2 ကိုစီးပြီး Gwakji Moumul မှာ ဆင်းပါ။
– Gwakji Moumul ရောက်ရင် Gwakji Beach ကို 5 မိနစ်ခန့် လမ်းလျှောက်ပါ။

7. Seonnyeo Rock ကမ်းခြေ (선녀바위해수욕장)
ကိုရီးယားရဲ့ အကောင်းဆုံးကမ်းခြေတွေထဲက နောက်ထပ် ကမ်းခြေက‌တေ့ Incheon မှာ တည်ရှိတဲ့ Seonnyeo Rock ကမ်းခြေ ဖြစ်ပါတယ် ။ ခဏတဖြုတ်လောက်ဘဲ အားလပ်ပေမယ့် ကမ်းခြေကို သွားလည်ချင်သေးရင်တော့ ဆိုးလ်မြို့ရဲ့ အနီးအနားမှာ တည်ရှိတာကြောင့် ဒီနေရာကို သွားဖို့ အကြံပြုချင်ပါတယ်။ Seonnyeo Rock ကမ်းခြေရဲ့ ဇာတ်လမ်းနောက်ကွယ်မှာ လှပတဲ့ ဒဏ္ဍာရီတခု ရှိပါတယ်။ ဒဏ္ဍာရီအရတော့ ဒီကမ်းခြေက ကျောက်တုံးကို ကမ်းခြေမှာ ဆော့ကစားဖို့ သက်တန့်ပေါ်ကနေ ဆင်းလာတဲ့ နတ်သမီးကို အစွဲပြုပြီး အမည်ပေးထားတယ်လို့ ဆိုပါတယ် ။

ဆွဲဆောင်မှုရှိတဲ့ ဒဏ္ဍာရီဆန်ဆန်နဲ့ လှပတဲ့ရှုခင်းတွေကြောင့် ကမ်းခြေဟာ နေဝင်ချိန်ကြည့် ဖို့ ရေပန်းစားပါတယ် ။ နွေးထွေးတဲ့ လိမ္မော်ရောင်၊ ပန်းရောင်ဖျော့ဖျော့နဲ့ မိုးကုပ်စက်ဝိုင်းအပေါ်က စွဲမက်ဖွယ်ကောင်းတဲ့ ခရမ်းရောင်တို့နဲ့ လှပတဲ့ နေဝင်ကောင်းကင်ကို ကြည့်ရှုဖို့ အကောင်းဆုံး နေရာတခု ဖြစ်ပါတယ်။ ကမ်းခြေဟာ မြို့နှင့် သိပ်မဝေးတာကြောင့် camping အတွက်လဲ သင့်တော်ပါတယ်။ စခန်းချတဲ့အခါ စားဖို့အတွက် ကဏန်း၊ ခရုနဲ့ တခြားပင်လယ်စာတွေကို ကျောက်ဆောင်တဝိုက်မှာ ရရှိနိုင်ပါတယ်။
လိပ်စာ- ၂၁၊ Yongyu-ro 380beon-gil၊ Jung-gu၊ အင်ချွန်း (인천광역시 중구 용유로380번길 ၂၁)
အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ဘယ်လိုသွားရမလဲ ?
– Incheon International Airport Terminal 1 Gate 7 (၃လွှာ)ကို လမ်းလျှောက်သွားပြီး၊ ဘတ်စ်ကား 306 ကိုစီးပြီး Seonnyeobawi Recreation Area မှာ ဆင်းပါ။
– Seonnyeobawi Recreation Area ကနေ Seonnyeo Rock ကမ်းခြေကို 2 မိနစ်ခန့် လမ်းလျှောက်ပါ။

8. Eurwang-ri ကမ်းခြေ
Jung-gu ၊ Incheon မှာတည်ရှိတဲ့ Eurwang-ri ကမ်းခြေကို 1986 ခုနှစ်မှာ National Tourist Site အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ပျမ်းမျှအနက် 1.5 မီတာသာရှိပြီး ကမ်းခြေဟာ အရှည်အနေနဲ့ 700 မီတာခန့်ရှိပြီး လှပတဲ့အဖြူရောင်သဲသောင်ကမ်းခြေမှာ အံ့သြဖွယ်လှပတဲ့ နေဝင်ချိန်ကြည့်ဖို့အတွက် လူသိများပါတယ်။ ကမ်းခြေမှာ မြက်ခင်းကျယ်ကြီးရှိပြီး အားကစားမျိုးစုံကို နှစ်သက်သူတွေအတွက်လည်း နေရာထိုင်ခင်းတွေလဲ ပါရှိပါတယ်။ ဧည့်သည်တွေ ငါးဖမ်းဖို့အတွက် လှေတွေလဲ ငှားရမ်းနိုင်ပါတယ်။

လိပ်စာ 16-15 Yongyuseo-ro 302beon-gil၊ Jung-gu၊ အင်ချွန်း
인천광역시 중구 용유서로302번길 16-15
အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ဘယ်လိုသွားရမလဲ ?
Incheon အပြည်ပြည်ဆိုင်ရာလေဆိပ် ကနေတစ်ဆင့် Eurwangni ကမ်းခြေကို ဘတ်စ်ကားနံပါတ် 2၊ 204၊ 302 သို့မဟုတ် 306 ကိုစီးပါ။
အနီးနားရှိ ခရီးသွားတွေ အများဆုံးသွားဖြစ်ကြတဲ့ ဆွဲဆောင်မှုနေရာများ- Incheon Airport Maglev၊ Muuido ကျွန်းနဲ့ Masian ကမ်းခြေတို့ဘဲ ဖြစ်ပါတယ်။

#korea #myanmar #visit #travel #myangoal #beach #summer #relaxing


Latest