တခြားခေါက်ဖုန်းတွေကို ဒဲ့ စိန်ခေါ်လိုက်တဲ့ Apple CEO

Apple ရဲ့ CEO အသစ်ဖြစ်လာတဲ့ John Ternus ဟာ Time မဂ္ဂဇင်းရဲ့ Cover Story အင်တာဗျူးမှာ ကုမ္ပဏီရဲ့ ပထမဆုံး ခေါက်ဖုန်း iPhone Duo နဲ့ ပတ်သက်လို့ စိတ်လှုပ်ရှားစရာ အချက်အလက်များစွာကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

သူ့ရဲ့ ပြောပြချက်အရ John Ternus နဲ့ Apple ရဲ့ အင်ဂျင်နီယာ ၅ ဦးဟာ ၂၀၁၁ ခုနှစ်ကတည်းက OLED Display တွေကို ကွေးညွတ်နိုင်မယ့် အနာဂတ်ကို မျှော်မှန်းပြီး ခေါက်ချိုးနိုင်တဲ့ အီလက်ထရောနစ် ပစ္စည်းတွေအတွက် မူပိုင်ခွင့် စတင် ရယူခဲ့ကြတာ ဖြစ်ပါတယ်။

နောက်ပိုင်း ထွက်လာတဲ့ တခြား ကုမ္ပဏီတွေရဲ့ ခေါက်ဖုန်းတွေနဲ့ ပတ်သက်ပြီးတော့လည်း “ဈေးကွက်ထဲမှာ ရှိတဲ့ တခြား ခေါက်ဖုန်းတွေက အပေါစားဆန်ပြီး စုတ်ချာနေသလို ခံစားရတယ်၊ အထူးသဖြင့် ဖုန်းမျက်နှာပြင် အလယ်က ကြီးမားတဲ့ ခေါက်ရာ (Crease) ကြီးက သုံးရတဲ့ အတွေ့အကြုံကို အကုန် ဖျက်ဆီးပစ်တယ်” ဆိုပြီး ရဲရဲဝံ့ဝံ့ပဲ သုံးသပ်ပြသွားခဲ့ပါတယ်။

ဒါကြောင့်လည်း Apple အနေနဲ့ ဒီလို အားနည်းချက်တွေ မရှိစေဖို့အတွက် Display အတွက် Custom Polymer Surface ကို သုံးထားပြီး အစိတ်အပိုင်း ၁၀၀ ကျော် ပါဝင်တဲ့ Hinge Design အသစ်ကို တီထွင်ခဲ့တာပါ။ ရလဒ်အနေနဲ့ ပထမဆုံး စမ်းသပ်တဲ့သူတွေ ကိုယ်တိုင်တောင် ခေါက်ကြောင်းရာကို လုံးဝ မခံစားရတော့ပါဘူး။ ဒါ့အပြင် Apple Silicon Chip တွေရဲ့ စွမ်းဆောင်ရည်နဲ့အတူ Display နှစ်ခုကြား ချောမွေ့စွာ ကူးပြောင်းပေးမယ့် Display Engine ကိုပါ ထည့်သွင်းပေးထားပါတယ်။

တစ်ဖက်မှာ AI နည်းပညာတွေ အရှိန်အဟုန်နဲ့ တိုးတက်လာပေမဲ့ လူတွေဟာ ရုပ်ဝတ္ထုတွေကို လက်နဲ့ ကိုင်တွယ်ရတာ၊ စကားပြောတာနဲ့ ဓာတ်ပုံရိုက်တာတွေကို ဆက်ပြီး နှစ်သက်နေဦးမှာဖြစ်လို့ လက်ရှိဖုန်းတွေ ရုတ်တရက် ပျောက်ကွယ်သွားမယ့် အနာဂတ်မျိုးကိုတော့ သူတို့ မမြင်သေးပါဘူး။

ဒါကြောင့် Siri AI ကို တခြား AI တွေလို လူသားအဖော်တစ်ယောက်လို ပုံစံမျိုး မလုပ်ထားဘဲ၊ အသုံးပြုသူတွေရဲ့ ကိုယ်ရေး ကိုယ်တာ အချက်အလက်တွေကို အခြေခံပြီး လက်တွေ့ဘဝမှာ အမှန်တကယ် အသုံးဝင်မယ့် လုပ်ဆောင်ချက်တွေကိုသာ ဦးစားပေး လုပ်ဆောင်သွားမယ်လို့ Apple ရဲ့ AI Product ခေါင်းဆောင် Lilan Rincon ကလည်း ရှင်းပြသွားခဲ့ပါတယ်။


Latest