ကမ္ဘာတဝှမ်းမှာ ကိုရီးယား ယဥ်ကျေးမှုတွေ ဘာလို့ လွှမ်းမိုးလာလဲ ?

K-pop ရဲ့ တဖြည်းဖြည်း ရေပန်းစားလာမှု‌ကြောင့် ဖက်ရှင်၊ အစားအစာ၊ ဂီတ၊ အလှအပ စတဲ့ နယ်ပယ်တွေမှာ ကမ္ဘာတဝှမ်း လွှမ်းမိုးမှုများလာခဲ့ပါ။ K-Pop ဆိုတာ Korean Popular music ကို အတိုကောက်ခေါ်တာဖြစ်ပြီး Korean wave (Hallyu) ဟာ ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုမှာ တထောင့်တနေရာကနေ ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ ကိုရီးယားအသားအရေ ထိန်းသိမ်းမှုတွေ၊ ကိုးရီးယား ဟင်းလျာတွေ ရဲ့စွဲဆောင်မှုကလဲ လွှမ်းမှုကို ပိုမိုတိုးလာစေပါတယ်။
ကမ္ဘာအနှံ K-beauty ရေပန်းစားလာမှုကြောင့် ကိုရီးယား အလှအပဈေးကွက်ဟာ တန်ကြေး ဒေါ်လာ ၂၁.၈ ဘီလီယံ ရှိလာမည်ဟု ခန့်မှန်းထားကြပါတယ်။ ဆိုရှယ်မီဒီယာကြောင့်လဲ ကိုရီးယားယဥ်ကျေးမှုကို စိတ်ဝင်စားမှု ပိုမိုများပြားလာတာကြောင့် 2020 ခုနှစ်မှာ ပြည်ပကို ကိုရီးယား ဟင်းလျာ တင်ပို့မှုဟာ အမေရိကန်ဒေါ်လာ သန်း 300 အထိ တိုးလာပြီး 25.8 ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပါတယ်။
K-Pop ဟာ 2010 ခုနှစ်အစောပိုင်းကတည်းက တဖြည်းဖြည်း အာရုံစိုက်ခံလာရပြီး 2012 ခုနှစ်တွင် Psy သီဆိုခဲ့တဲ့ “Gangnam Style” ကြောင့် K-pop ဟာ ကမ္ဘာကျော်ခဲ့ပါတယ်။ အဲ့အချိန်ကစပြီး BTS၊ BLACKPINK နဲ့ အခြား idols အများအပြားဟာ K-pop တေးဂီတတွေနဲ့ ကမ္ဘာကို လွှမ်းမိုးလာခဲ့ပါတယ်။
K-pop နဲ့ ဖက်ရှင်အပေါ် လွှမ်းမိုးမှုမှာဆိုလည်း ကမ္ဘာ့ နာမည်အကြီးဆုံး ဖက်ရှင်အမှတ်တံဆိပ်တွေဟာလဲ စျေးကွက်ကို ပိုမိုချဲ့ထွင်လာဖို့အတွက် တောင်ကိုးရီးယား K – Pop ယဉ်ကျေးမှုထဲကို ဝင်ရောက်လာကြပါတယ်။ Dior၊ Louis Vuitton၊ Gucci နဲ့ Chanel တို့လိုမျိုး အဆင့်မြင့် ဖက်ရှင်အမှတ်တံဆိပ်တွေဟာ တောင်ကိုရီးယားနိုင်ငံမှာ ဖက်ရှင်ရှိုးတွေ ကျင်းပပြီး စျေးကွက်ချဲ့ လာခဲ့ကြပါတယ်။ ကိုရီးယား Idol တွေရဲ့ စတိုင်လ်ကျကျ ဝတ်ဆင်မှုနဲ့ သဘာဝဆန်ဆန် အ၀တ်အစား ဒီဇိုင်း‌တွေကြောင့် ငယ်ရွယ်တဲ့ ပရိသတ်တွေ အထူးသဖြင့် Gen Z ရဲ့ ပရိသတ်တွေကြား ရေပန်းစားလာပါတယ်။
နာမည်ကြီး ဖက်ရှင်အမှတ်တံဆိပ်တွေနဲ့ K-pop Idol တွေနဲ့ collab လုပ်တာတွေလဲ ရှိလာပါတယ်။ BTS မှ Jimin သည် ယခုအခါ Tiffany and Co. နှင့် Dior တို့ရဲ့ brand ambassador ဖြစ်ပြီး Squid Game ဇာတ်ကားထဲက Lee Jung-jae နဲ့ HoYeon Jung တို့ဆိုလဲ Gucci နဲ့ Louis Vuitton တို့ရဲ့ brand ambassador တွေဖြစ်လာပါတယ်။ BLACKPINK က Jennie ဆိုလဲ Chanel နဲ့ Calvin Klein တို့ရဲ့brand ambassador ဖြစ်ပြီး BTS အဖွဲ့ဝင် J-Hope ဆိုလဲ Louis Vuitton Fall Winter 2023 campaign နဲ့ collab လုပ်တာတွေ ရှိပါတယ်။
K-pop idols တွေရဲ့ ၀တ်စားဆင်ယင်မှုတွေကြောင့် မိနစ်ပိုင်းအတွင်း ရောင်းကုန်ပြီး BTS ရဲ့ Jungkook ဆိုရင် သူအသုံးပြုတဲ့ ပစ္စည်းတွေဟာ ခဏလေးနဲ့ ရောင်းကုန်တာကြောင့် “Sold Out King” လို့ သတ်မှတ်ခံခဲ့ရပါတယ်။ Louis Vuitton၊ Balenciaga၊ Prada စတဲ့ အမှတ်တံဆိပ်တွေက ထုတ်ကုန်တွေဟာလဲ Jungkook ကြောင့် ခဏလေးနဲ့ ရောင်းထွက်သွားခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကိုရီးယား ဖက်ရှင်လောကမှာ K-pop Idol တွေ ဘယ်လောက် လွှမ်းမိုးမှုရှိလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။
K-pop idols တွေကအစ ကိုရီးယားသရုပ်ဆောင် မင်းသား၊ မင်းသမီးတွေအထိ ကိုရီးယားစူပါစတားတွေဟာ သူတို့ရဲ့ အသားအရေထိန်းသိမ်းမှုဆိုင်ရာ routine တွေကြောင့် ပရိတ်သတ်များကြား ရေပန်းစားပါတယ်။ သူတို့ရဲ့ တောက်ပကြည်လင်တဲ့ အသားအရေကြောင့် ကမ္ဘာတစ်ဝှမ်းရှိ အသားအရေထိန်းသိမ်းသူတွေကြား စိတ်ဝင်စားမှု မြင့်တက်လာခဲ့ပါတယ်။ဒါကြောင့်လဲ ကိုရီးယား အသားအရေထိန်း ပစ္စည်းတွေဖြစ်တဲ့ toners၊ essences၊ sunscreens နဲ့ moisturisers ၀ယ်လိုအား ကြီးမားလာစေပါတယ်။ ကိုရီးယားအသားအရေထိန်းသိမ်းတဲ့ ထုတ်ကုန်တွေမှာ ခရုကထွက်တဲ့ အချွဲ၊ propolis၊ mugwort၊ centella asiatica စတဲ့ ထူးခြားသဘာဝ ပါဝင်ပစ္စည်းတွေ ပါဝင်ပါတယ်။ နူးညံ့ပြီး ထိရောက်တဲ့ဖော်မြူလာများကို ကမ္ဘာတစ်ဝှမ်းရှိ ပရိသတ်များက နှစ်သက်သဘောကျကြပြီး အသားအရေရဲ့ texture ကို သိသိသာသာကောင်းမွန်လာစေပါတယ်။
တောင်ကိုရီးယားအစိုးရရဲ့ စဉ်ဆက်မပြတ် လှုပ်ရှားမှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပြင် K-Pop နဲ့ ကိုရီးယားဒရာမာတွေ ရေပန်းစားလာတာကြောင့် ကိုရီးယားအစားအစာတွေဟာ ကမ္ဘာတစ်ဝှမ်းမှာ ရေပန်းစားလာလျက်ရှိပါတယ်။ ဒီလို ပေါင်းစပ်ကြိုးပမ်းမှုတွေကြောင့် ကင်ချီ၊ ဒါမှမဟုတ် အချဉ်ဖောက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေ၊ ဘူဂိုဂီ၊ အမဲသားလွှာနဲ့ bibimbap၊ ကိုရီးယားငရုတ်သီးအနှစ်တွေဟာ လူကြိုက်များလာခဲ့ပါတယ်။ အသင့်စား ခေါက်ဆွဲခြောက်တွေကလဲ ကိုရီးယားဟင်းလျာတွေ ရေပန်းစားလာရာမှာ အဓိကကျပါတယ်။ Samyang က Buldak Spicy Chicken Noodles ဟာ ဆိုရှယ်မီဒီယာပေါ်တွင် Viral Mukbang ဗီဒီယိုတွေနဲ့ Spicy Ramen Challenge တွေကြောင့် လူကြိုက်များခဲ့ပါတယ်။ ဒါကြောင့်ပြောရမယ်ဆိုရင် ကိုရီးယားယဥ်ကျေးမှုဟာ တနေ့ထက် တနေ့ ကမ္ဘာကြီးတဝှမ်း ပိုမိုအားကောင်းလာကာ နေရာတခု ရလာခဲ့ပြီဘဲ ဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံရှိ မြန်မာနိုင်ငံသားများနဲ့ အခုမှ လာရောက်မယ့်သူများ အားလုံးအတွက် အဆင်ပြေချောမွေ့စေဖို့ MyanGoal ကအဆင်သင့်ရှိနေပါတယ်။📱 တယ်လီကွန်း, 📚 ပညာရေး, 🌍 ခရီးသွား, 🛒 ဈေးဝယ်မှု, 🍽️ လုပ်စရာများနှင့် စားစရာများကို ရှာဖွေတွေ့ရှိဖို့ MyanGoal ကို ယုံကြည်လိုက်ပါ။ အခုဘဲ MyanGoal ထဲကို လာရောက်ကြည့်ရှုပြီး တောင်ကိုရီးယားနိုင်ငံရဲ့ အကောင်းဆုံး အတွေ့အကြုံကို စတင်ခံစားလိုက်ပါ!


Latest