Your cart is currently empty!
ကိုရီးယားယဉ်ကျေးမှုဟာ ရာစုနှစ်ပေါင်းများစွာ သက်တမ်းကြာလာခဲ့တဲ့ ရိုးရာဓလေ့တွေနဲ့ ယဉ်ကျေးမှု အမွေအနှစ်များစွာ ရှိပါတယ်။ ဒီအထဲအမှ စိတ်ဝင်စားဖွယ်အကောင်းဆုံး အစိတ်အပိုင်းတစ်ခုကတော့ ကိုရီးယားရိုးရာ မျက်နှာဖုံးတွေ ဖြစ်ပါတယ်။ ဒီမျက်နှာဖုံးတွေကို *Tal ( 탈 )* ဒါမှမဟုတ် *Talchum (탈춤)* လို့ခေါ်ပြီး၊ ဒီမျက်နှာဖုံးတွေဟာ အနုပညာလက်ရာတွေသာမက ကိုရီးယားသမိုင်း၊ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုတွေနဲ့ လူမှုရေးဆိုင်ရာ စံနှုန်းတွေကို ထင်ဟပ်စေတဲ့ သင်္ကေတတွေလည်း ဖြစ်ပါတယ်။
ကိုရီးယားရိုးရာ မျက်နှာဖုံးတွေဟာ အနုပညာလက်ရာဆိုတာထက် ပိုပြီး ကိုရီးယားယဉ်ကျေးမှုကို တထောင့်တနေရာကနေ ထင်ဟပ်စေတဲ့ အရာတွေဖြစ်ပါတယ်။ ရှေးခေတ် ပူဇော်ပသမှုတွေကနေ စပြီး ယနေ့ခေတ်သစ်အထိ ဆက်လက်ရှင်သန်နေတဲ့ အမွေအနှစ်လည်း ဖြစ်ပါတယ်။ ကိုရီးယားသမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူ၊ အနုပညာကို ချစ်မြတ်နိုးသူ ဒါမှမဟုတ် ကိုရီးယားယဉ်ကျေးမှုကို စူးစမ်းလိုသူတွေအတွက်၊ ကိုရီးယားရိုးရာ မျက်နှာဖုံးတွေကို လေ့လာတာကလည်း တန်ဖိုးရှိတဲ့ အတွေ့အကြုံတစ်ခု ဖြစ်ပါတယ်။
ကိုရီးယားမျက်နှာဖုံးတွေရဲ့ မူလအစ
ကိုရီးယားမျက်နှာဖုံးတွေရဲ့ ရိုးရာဓလေ့ဟာ ရှေးခေတ်ကာလတွေအထိ သမိုင်းကြောင်းရှည်လျားစွာ ပြန်လည်ခြေရာခံရမှာ ဖြစ်ပါတယ်။ မူလက ရှေးရိုးရာဝါဒ (shamanism) ဆိုင်ရာ ပူဇော်ပသမှုတွေနဲ့ ဒေသခံရွာတွေရဲ့ ဖျော်ဖြေမှုမှာ အသုံးပြုခဲ့ကြပါတယ်။ ဒီမျက်နှာဖုံးတွေကို မကောင်းတဲ့ စွမ်းအားတွေကနေ ကာကွယ်ရန်၊ ကံကောင်းခြင်းကို ဆောင်ကြဉ်းရန်ရယ် နတ်ဘုရားတွေကို ရည်စူးပူဇော်ဖို့ အသုံးပြုခဲ့ကြပါတယ်။ နောက်ပိုင်းမှာ ဒီမျက်နှာဖုံးတွေဟာ ကိုရီးယားရိုးရာ ကပြဖျော်ဖြေမှုများ (talchum) မှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်လာခဲ့ပါတယ်။ ဒီကပြမှုတွေမှာ မျက်နှာဖုံးတပ်ပြီး ဂီတ၊ ကကွက်တွေနဲ့ ဇာတ်လမ်းပြောပြခြင်းတွေကို ပေါင်းစပ်ဖျော်ဖြေတာ ဖြစ်ပါတယ်။ အ
မျက်နှာဖုံးပြုလုပ်ခြင်း အနုပညာ
ကိုရီးယားရိုးရာ မျက်နှာဖုံးတွေကို သစ်သား၊ စက္ကူနှင့် ဖရဲသီးခွံတို့လို ပစ္စည်းမျိုးစုံနဲ့ ပြုလုပ်လေ့ရှိပါတယ်။ မျက်နှာဖုံးတစ်ခုချင်းစီကို လက်နဲ့ ဂရုတစိုက် ထွင်းထုပြီး ဆေးရောင်စုံ ခြယ်ထားပြီး၊ များသောအားဖြင့် စိတ်ခံစားမှုတွေနဲ့ ဇာတ်ကောင်တွေကို ဖော်ပြဖို့ မျက်နှာအမူအရာတွေကို သေချာပြုလုပ်ထားပါတယ်။ ဒီမျက်နှာဖုံးတွေမှာ ဆေးရောင်စုံနဲ့ အနုစိတ်ဒီဇိုင်းတွေကို အသုံးပြုထားတာကြောင့် ကိုရီးယားယဉ်ကျေးမှုရဲ့ အနုပညာ အရည်အသွေးကို ခန့်မှန်းနိုင်ပါတယ်။
အထင်ရှားဆုံး ကိုရီးယားမျက်နှာဖုံးတွေကတော့ Andong 안동 မြို့ရှိ Hahoe 하회 ကျေးရွာကနေ စတင်ပေါ်ပေါက်ခဲ့တဲ့ မျက်နှာဖုံးတွေ ဖြစ်ပါတယ်။ ဒီမျက်နှာဖုံးတွေဟာ လူ့အဖွဲ့အစည်းအတွင်း လူတန်းစားခွဲခြားမှုတွေနဲ့ လူ့ချို့ယွင်းချက်တွေကို သရော်စာ ဖော်ပြတဲ့အခါမှာ အသုံးပြုလေ့ရှိပါတယ်။
ယနေ့ခေတ်မှာလည်း ကိုရီးယား ရိုးရာမျက်နှာဖုံးတွေ အသုံးပြုမှု လျော့နည်းလာပေမယ့်လည်း အမွေအနှစ်ကတော့ ဆက်လက်ရှင်သန်လျက် ရှိပါတယ်။ မျက်နှာဖုံးတွေကို ယဉ်ကျေးမှုအမွေအနှစ်များအဖြစ် သတ်မှတ်ထားပြီး၊ ပြတိုက်တွေနဲ့ ယဉ်ကျေးမှုပွဲတော်တွေမှာလည်း ပြသလေ့ရှိပါတယ်။ ရိုးရာမျက်နှာဖုံးကနေ စိတ်ကူးစိတ်သန်းတွေ ယူပြီး ခေတ်ပေါ်အနုပညာ၊ ပြဇာတ်နဲ့ ဖက်ရှင်မှာလည်း ပေါင်းစပ် အသုံးပြုလေ့ရှိပါတယ်။
#Korea #traditional #mask #festival #Andong






