Your cart is currently empty!
Bibimbap ကတော့“bap” ဆိုတဲ့ ဆန်ကို “Bibim” ပါဝင်ပစ္စည်းတွေနဲ့ ရောစပ်နယ်ထားတာကို ပြောတာ ဖြစ်ပါတယ်။ ဒါကြောင့် bibimbap ကို ကိုရီးယား ထမင်းသုပ်လို့လဲ ခေါ်ပါတယ်။
ပန်းကန်လုံးထဲမှာ ချက်ပြီးသားထမင်း၊ ကြော်ထား၊ ပြုတ်ထားတဲ့ အသီးအရွက်တွေ၊ အသား ဒါမှမဟုတ် အမဲသားတုံးလေးတွေ၊ ကြက်ဥကြော် ဒါမှမဟုတ် ကြက်ဥအစိမ်း၊ နှမ်းဆီနဲ့ gochujang (ငရုတ်သီးငပိဆော့စ်) တို့ကို ဇလုံတစ်ခုထဲမှာ သေချာ သမအောင် ရောမွှေပြီး ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဆိုးလ်က ထိပ်တန်း အကောင်းဆုံး Bibimbap ဆိုင်ကောင်းတွေကို ပြောပြပေးမှာမလို့ ဘယ်ဆိုင်တွေဖြစ်မလဲ သိချင်ရင်တော့ ဆက်ပြီးဖတ်ကြည့်ကြည့်လိုက်ပါ။
နံပါတ် 1- Gogung (고궁)
Myeongdong မှာ ရှိတဲ့ ဒီစားသောက်ဆိုင်ဟာ ဆိုးလ်က အကောင်းဆုံး bibimbap ကို ဖန်တီးပေးပြီး အထူးသဖြင့် အသက်ကြီးကြီး ကိုရီးယားလူမျိုးတွေ မကြာခဏ လာစားလေ့ရှိပါတယ်။ သူတို့ရဲ့ bibimbap ပုံစံဟာ Joseon မင်းဆက်တုန်းက ဘုရင်တွေကို ဆက်သတဲ့ စားတော်ပွဲတွေအတိုင်း ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် စားသောက်ဆိုင်ရဲ့ အပြင်အဆင်ကိုတော့ ရိုးရာအစဉ်အလာနဲ့ ခေတ်မီမှုအောင် ရောစပ်ဖန်တီးထားတာ ဖြစ်ပါ။
ဒီဆိုင်မှာ Jeonju bibimbap (전주비빔밥) နဲ့ dolsot bibimbap (돌솥비빔밥) ဆိုတဲ့ bibimbap အမျိုးအစား နှစ်မျိုး အဓိက ရရှိနိုင်ပါတယ်။ Jeonju bibimbap ကတော့ Jeonju စတိုင်လ်အတိုင်း ပြုလုပ်ထားပြီး Jeonju ကနေ တိုက်ရိုက်ပို့တဲ့ ပါဝင်ပစ္စည်းတွေကိုလဲ အသုံးပြုထားပါတယ်။ ဒါပေမယ့် dolsot bibimbap ကတော့ ကျောက်အိုးပူနဲ့ ပူပူနွေးနွေး လာချပေးတာဖြစ်ပြီး ပါဝင်ပစ္စည်းတွေက အတူတူဖြစ်ပေမယ့်လည်း အရသာကတော့ နည်းနည်းလေး ကွဲပြားပါတယ်။
တည်နေရာ : Jung-gu၊ Chungmuro-2-ga 12-14 (중구 충무로2가 12-14)
နံပါတ် 2- Jeonju Jungang Hoekwan (전주 중앙회관)
ဒီဆိုင်ကတော့ Myeongdong က နောက်ထပ် bibimbap ဆိုင်ကောင်းတစ်ခုဖြစ်ပြီး Gogung ဆိုင်ထက် နည်းနည်းသေးပေမယ့်လည်း ဖွင့်တာကတော့ နှစ်ပေါင်းငါးဆယ်နီးပါး ရှိပြီဖြစ်ပါတယ်။ ဒီဆိုင်မှာလဲ Jeonju-စတိုင်နဲ့ dolsot-စတိုင် bibimbap နှစ်မျိုးလုံး ရပေမယ့်လည်း သူတို့ရဲ့ အရသာကတော့ သာမန်ရိုးရာ bibimbap ထက် ပိုချိုပြီး နည်းနည်းလေး အရသာ ပိုလေးပါတယ်။ တခြားဆိုင်တွေထက် အနည်းငယ် စျေးပိုမြင့်ပေမယ့်လည်း bibimbap အရသာအသစ်အဆန်းလေး မြည်းစမ်းကြည့်ချင်ရင်တော့ သွားသင့်ပါတယ်။
တည်နေရာ : Jung-gu Chungmuro-1-ga 24-11 (중구 충무로 1가 24-11)
ဆိုးလ်ရှိ အကောင်းဆုံး Bibimbap နံပါတ် 3- Mokmyeoksanbang (목멱산방)
Bibimbap ကို ရိုးရာဓလေ့ဆန်ဆန် အရသာကို စားချင်ရင်တော့ ဆိုင်ထဲမျာလဲ ရိုးရာစတိုင်ပုစံပြုလုပ်ထားတဲ့ ဒီ Hanok (ကိုရီးယားစတိုင်အိမ်) စားသောက်ဆိုင်ကို သွားလိုက်ပါ။ Namsan မှာတည်ရှိတာဖြစ်ပြီး ဒီဆိုင်မှာ မတူညီတဲ့ bibimbap ဟင်းလျာမျိုးစုံရှိပါတယ်။ ဒီဆိုင်ရဲ့ ထူးခြားချက်ကတော့ ဟင်းလျာပြင်ဆင်ပုံဖြစ်ပြီး ပန်းကန်လုံးထဲမှာ ထမင်းနဲ့ အသားပဲ ပါပြီး အသီးအရွက်တွေကိုတော့ ပန်းကန်သပ်သပ်နဲ့ ချပေးတာ ဖြစ်ပါတယ်။
တည်နေရာ : Jung-gu, Yejang-dong (중구예장동)
နံပါတ် 4- Walkerhill Ondal
Walkerhill Hotel လို ဇိမ်ခံဟိုတယ်တစ်ခုနဲ့ တွဲဖက်ဖွင့်ထားတဲ့ Ondal လို စားသောက်ဆိုင်မှာ bibimbap ကို အကောင်းဆုံးရနိုင်ပြီး ဒီဆိုင်ဟာ ကိုရီးယားစာတွေ အဓိကရောင်းတဲ့ဆိုင် အနည်းငယ်ထဲက တစ်ခုဖြစ်ပါတယ်။ ဒီဆိုင်ဟာ bibimbap ကို ဖန်တီးတဲ့အခါမှာလဲ ခေတ်မီပြီး ရိုးရာဆန်ဆန် ပြုလုပ်ထားပြီး အသုံးပြုထားတဲ့ ပါဝင်ပစ္စည်းတွေဟာလဲ အရည်အသွေးအမြင့်ဆုံး အော်ဂဲနစ် ဟင်းသီးဟင်းရွက်တွေကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒီဆိုင်ရဲ့ bibimbap စျေးနှုန်းကလဲ ဟိုတယ်နဲ့ တွဲဖွင့်ထားတာကြောင့် စျေးကြီးပါတယ်။ ဒါပေမဲ့ ပိုက်ဆံအကုန်အကျခံနိုင်ပြီး Han မြစ်ရဲ့ ရှုခင်းတွေနဲ့အတူ bibimbap ကို luxury ဆန်ဆန် စားကြည့်ချင်ရင်တော့ သွားကြည့်သင့်ပါတယ်။
တည်နေရာ : Gwangjin-gu Walkerhill-ro 177, 2F (광진구 왈커힐로 177 2층)
ဒီလို အမိုက်စား Bibimbap ဆိုင်ကောင်းတွေက မကုန်သေးပါဘူး။ နောက်ထပ်ကျန်နေသေးတဲ့ Bibimbap ဆိုင်ကောင်းတွေကို နောက်ရက်ကျ တင်ဆက်ပေးဦးမှာမလို့ စောင့်မျှော်နေကြပါနော်။
#korea #myangoal #myanmar #traditional #food #korean #bibimbap






