Hongdae မှာ ကော်ဖီဆိုင် ကောင်းကောင်းရှာနေပါသလား ?

Hongdae ကတော့ ဆိုးလ်မှာရှိတဲ့ လူငယ်တွေအတွက် စျေးဝယ်တာနဲ့ ဖျော်ဖြေရေးတွေ ပြည့်နှက်နေ‌တဲ့ ရပ်ကွက်တစ်ခုဖြစ်ပြီး ရေပန်းစား လူသိများပါတယ်။ Hongdae မှာ အရသာရှိတဲ့ အစားအစာတွေနဲ့ ထူးခြားတဲ့ ကော်ဖီဆိုင်တွေကြောင့်လဲ လူသိများပါသေးတယ်။ Hongdae ရောက်လို့ ကော်ဖီဆိုင် ကောင်းကောင်းလေး ထိုင်ချင်လို့ လိုက်ရှာနေတယ်ဆိုရင်တော့ ဆက်ပြီး ဖတ်ကြည့်ကြည့်လိုက်ပါ။
Shinidoga 신이도가
Shinidoga ကတော့ Hongdae ရဲ့ လူရှုပ်တဲ့လမ်းတွေနဲ့ ဝေးဝေးမှာရှိတဲ့ ကိုရီးယားရိုးရာ Hanok ကော်ဖီဆိုင် ဖြစ်ပါတယ်။ ကော်ဖီဆိုင်ရဲ့ အပြင်ပိုင်းကို သမိုင်းဝင်ကိုရီးယားရိုးရာအတိုင်း ပြင်ဆင်ထားပြီး အတွင်းပိုင်းကိုလဲ အပြင်ဘက်နဲ့ ဟန်ချက်ညီအောင် ရိုးရိုးရှင်းရှင်း အဖြူရောင်နဲ့ဘဲ ခေတ်မီအောင် ပြင်ထားပါတယ်။ ရာသီဥတု သာယာတဲ့အခါ အပြင်ထွက်ပြီး ပန်းခြံထဲမှာ သဘာဝကို ခံစားလို့ရတာကြောင့် ဆိုးလ်မြို့ထဲကနေ မထွက်ဘဲ ကျေးလက်တောရွာလေးဆီကို ရောက်သွားသလို ခံစားရစေပါတယ်။ ကော်ဖီဆိုင်ရဲ့ အပြင်အဆင်လိုဘဲ ဆိုင်မှာရှိတဲ့ မီနူးတွေဟာ ကိုရီးယားရိုးရာအတိုင်းကို ခေတ်နဲ့အညီ ပေါင်းစပ်ဖန်တီး ထားပါတယ်။ Shindoga မှာ နှမ်းနက် ကို espresso ရောစပ်ထားတဲ့ သောက်စရာမျိုးတွေ ရနိုင်ပါတယ်။
လိပ်စာ- 서울 마포구 잔다리로 20-12
20-12 Jandari-ro၊ Mapo-gu၊ ဆိုးလ်
ဆိုင်ဖွင့်ချိန်- 11:00-22:00
ဘယ်လိုသွားရမလဲ – Hongik University Station ၏ ထွက်ပေါက် 9 ကနေ 10 မိနစ်ခန့် လမ်းလျှောက်ရင်ရောက်ပါပြီ။
Butter Milk 버터밀크
Butter Milk က ပန်ကိတ်တွေဟာ ပုံမှန် ပန်ကိတ်တွေထက် ပိုထူပြီး ပျော့ပျောင်းနေတာမလို့ လူကြိုက်များတဲ့ ဆိုင်ဖြစ်ပါတယ်။ ဒီဆိုင်ကို နေ့လည်စာ စားဖို့အဓိကလာကြပြီး ဒေသခံတွေကြားမှာ အတော်လေး ရေပန်းစားပါတယ်။ဒါကြောင့်လဲ ဆိုင်ကို ရောင်းစရာ အော်ဒါ ကုန်ပြီဆိုတာနဲ့ ပိတ်တာကြောင့် စောစောလေး သွားသင့်ပါတယ်။ ဒါ့အပြင် ဒီဆိုင်မှာ နေ့လည်စာ ကောင်းကောင်းစားချင်တာဖြစ်ဖြစ် နေ့လည်ခင်း လက်ဖက်ရည်သောက်ချင်ရင်လဲ သင့်တင့်တဲ့ ဈေးနှုန်းတွေ ရှိတာကြောင့် အကုန်အကျများမှာ စိတ်ပူစရာ မလိုပါဘူး။
လိပ်စာ- 서울 마포구 와우산로 130
130 Wausan-ro၊ Mapo-gu၊ ဆိုးလ်
ဆိုင်ဖွင့်ချိန် 10:00-17:00 (ဗုဒ္ဓဟူးနေ့ပိတ်သည်)
ဘယ်လိုသွားရမလဲ – Hongik University Station ၏ ထွက်ပေါက် 7 ကနေ 10 မိနစ်ခန့် လမ်းလျှောက်ရင်ရောက်ပါပြီ။
Cafe Tora-b 카페 토라비
Cafe Tora-b ဟာ ဆိုင်ခန်းက သေးပေမယ့်လဲ နွေးနွေးထွေးထွေးရှိတဲ့ အတွင်းခန်းအပြင်အဆင်နဲ့ အရသာရှိတဲ့ အချိုပွဲတွေကြောင့် Hongdae အလွန်ရေပန်းစားတဲ့ ကော်ဖီဆိုင်ဖြစ်ပါ။ ဆိုင်ရဲ့အတွင်းပိုင်းကို အညိုရောင်ရောင်ကိုအသုံးပြုပြီး ထိုင်ခုံ၊ စားပွဲ စတဲ့ ပစ္စည်းအများစုမှာ သစ်သားကို သုံးထားတာဖြစ်ပါတယ်။ ဒီဆိုင်ရဲ့ လူကြိုက်အများဆုံး မီနူးကတော့ နယူးဇီလန်နှင့် သြစတြေးလျတို့ကလာတဲ့ Pavlova အချိုပွဲ ဖြစ်ပါ။ ပုံမှန်ဆိုရင် Pavlova ကို ဘယ်ရီသီးနှင့် ငှက်ပျောသီးတို့လို အသီးအနှံတွေနဲ့ ပြုလုပ်ပါတယ်။ Tora-b မှာတော့ Pavlova ကို ရိုးရာအသီးအနှံတွေနဲ့ ငှက်ပျောသီးသုံးထားပြီး နာမည်အကြီးဆုံးကတော့ ဆန်မုန့် Injeolmi အရသာ Pavlova ဖြစ်ပါတယ်။
လိပ်စာ- 서울 마포구 와우산로 29길 24
24 Wausan-ro 29-gil, Mapo-gu, ဆိုးလ်
ဆိုင်ဖွင့်ချိန်- 14:00-21:00 (တနင်္ဂနွေနေ့ပိတ်သည်)
ဘယ်လိုသွားရမလဲ – Hongik University Station ၏ ထွက်ပေါက် 8 ကနေ 4 မိနစ်ခန့် လမ်းလျှောက်ရင်ရောက်ပါပြီ။
Humming Bella 허밍벨라
Cafe “Humming Bella” Hongdae ရဲ့ မြို့လယ်ခေါင် ဧရိယာမှာ တည်ရှိပြီး ဆိုင်ရဲ့ ထူးခြားတဲ့ အပြင်ပိုင်းကိုလဲ ထူးထူးခြားခြားလေး ပြင်ဆင်ထားပါတယ်။ ဒီကဖေးဆိုင်က သုံးထပ်ရှိပါတယ်။ ပထမထပ်မှာ မုန့်ဖုတ်တာနဲ့ ကော်ဖီဧရိယာ ဖြစ်ပြီး ဒုတိယနဲ့ တတိယထပ်မှာတော့ ထိုင်စရာနေရာတွေဘဲ ဖြစ်ပါတယ်။ ရာသီဥတုသာယာတဲ့ အချိန်တွေဆိုရင် အပြင်မှာ ထိုင်စရာနေရာတောင် ရှိပါတယ်။ Humming Bella မှာ margarine၊ ပြုပြင်ထားတဲ့ ပစ္စည်းတွေ၊ emulsifiers စတာတွေကို အသုံးမပြုပါဘူး။ ဆိုင်မှာ နို့စိမ်းကနေ ပြုလုပ်ထားတဲ့ အော်ဂဲနစ်ထောပတ်ကို သုံးထားပြီး မုန့်တွေကို ချိုအောင် whipped cream နဲ့ ကြံ တို့ကိုအသုံးပြုပါတယ်။ Real Chocolate Croissant ကတော့ အထဲမှာ ချောကလက်ခရင်မ်အပြည့်နဲ့ လူကြိုက်အများဆုံး မီနူးဖြစ်ပါတယ်။
လိပ်စာ- 서울 마포구 독막로 7길 57
57 Dongmak-ro 7-gil၊ Mapo-gu၊ ဆိုးလ်
ဆိုင်ဖွင့်ချိန်- 11:00-22:00
ဘယ်လိုသွားရမလဲ – Hongik University Station ၏ ထွက်ပေါက် 9 ကနေ 14 မိနစ်ခန့် လမ်းလျှောက်ရင် ရောက်ပါပြီ။
Cafe Aurora 카페 오로라
Hongdae မှာ aesthetic ကော်ဖီဆိုင်ကို ရှာနေတယ်ဆိုရင် Cafe Aurora ရှိပါတယ်။ Cafe Aurora မှာ LED မီးတွေနဲ့ ပြင်ဆင်ထားပြီး သာယာလှပတြ့ ပတ်ဝန်းကျင်ကို ဖန်တီးတာကြောင့် Instagram မှာတင်ဖို့ ပုံကောင်းကောင်းလေး ရိုက်လို့ရပါတယ်။
အချိုပွဲတွေနဲ့ သောက်စရာတွေကလဲ ကော်ဖီဆိုင်ရဲ့ စတိုင်ကျပြီး ခေတ်မီတဲ့အပြင်ဆင်လိုဘဲ သပ်ရပ်လှပစွာ ပြင်ဆင်ထားပါတယ်။ ဆိုင်မှာရှိတဲ့ မီးနူးတွေကလဲ သင့်တင့်တဲ့ စျေးနှုန်းရှိတာကြောင့် Instagram ပုံကောင်းကောင်းတင်ဖို့ ဓာတ်ပုံရိုက်စရာ နေရာရှာနေသူတွေအတွက် Cafe Aurora ကို အကြံပေးပါရစေ။
လိပ်စာ- 서울 마초구 와우산로 139 1층
139 Wausan-ro၊ Mapo-gu၊ ဆိုးလ်
ဆိုင်ဖွင့်ချိန် 12:00-21:00
ဘယ်လိုသွားရမလဲ – Hongik University ဘူတာ ထွက်ပေါက် 6 ကနေ 8 မိနစ်ခန့် လမ်းလျှောက်ရင် ရောက်ပါပြီ။
ပြောပြဖို့ ကော်ဖီဆိုင်တွေက ထပ်ပြီးရှိပါသေးတယ်။ ကျန်နေသေးတဲ့ ကောင်ဖီဆိုင်တွေကို နောက်အပတ် ဒီလိုအချိန်မှာဘဲ ဖော်ပြ‌ပေးဦးမှာမလို့ သိချင်သေးရင်တော့ ဆက်ဆက် စောင့်ကြည့်ဖို့ မှာလိုက်ပါတယ်ဗျို့။
#myagoal #korea #myanmar #hongdae #coffee #coffeeshop
Boost this post to reach up to 321 more people if you spend $42.


Latest