မြည်းစမ်းကြည့်သင့်တဲ့ အရသာရှိတဲ့ ကင်မ်ချီအမျိုးအစား 8 မျိုး Part/2

ကင်မ်ချီဆိုတာ ကိုရီးယားအစားအစာ စားတဲ့အခါမှာ မပါမဖြစ် တွဲစားလေ့ရှိကြပါတယ်။ ဒီလိုဟင်းလျာမျိုးစုံနဲ့ တွဲစားလေ့ရှိတဲ့ ကင်မ်ချီမှာလဲ အမျိုးအစားကွဲတွေ အများကြီးရှိပါတယ်။ ဒီနေ့မှာတော့ ထူးခြားပြီး အရသာရှိတဲ့ ကင်မ်ချီအမျိုးအစားတွေထဲက နောက်ထပ်အမျိုးအစား 4 မျိုးကို ပြောပြလိုက်ပါတယ်။

5.မုန်ညှင်းရွက် ကင်မ်ချီ | 갓김치 Gat Kimchi 

Gat Kimchi သည် ကိုရီးယားနိုင်ငံ Jeolla-do (전라도) ပြည်နယ်ကထွက်တဲ့ တောမုန်ညင်းရွက်တစ်မျိုးနဲ့ ပြုလုပ်ထားတဲ့ ကင်မ်ချီဖြစ်ပါတယ်။ တခါတလေကျရင်လည်း ဒီတောမုန်ညင်းမရှိရင် gai choi လို့ခေါ်တဲ့ တရုတ်မုန်ညင်းစိမ်းကိုလည်း သုံးကြပါတယ်။ မုန်ညှင်းရွက် ကင်မ်ချီ လုပ်တော့မယ်ဆိုရင် မုန်ညင်းစိမ်းတွေကို ဆားရည်ထဲမှာ အရင်ဆုံး‌စိမ်ထားရမှာ ဖြစ်ပါတယ်။ ပြီးရင်‌တော့ Gochugaru (고추가루)၊ ငါးငံပြာရည်၊ Saeu-jeot (새우젓)(အချဉ်ဖောက်ထားတဲ့ ပုဇွန်)၊ မုန်လာဥနီ၊ ငရုတ်ကောင်းနဲ့ ကြက်သွန်မြိတ်တွေနဲ့ ရောနှောပြီး သေချာနှပ်ထားရမှာဖြစ်ပါတယ်။ 갓김치 Gat Kimchi ကို စွပ်ပြုတ်နဲ့ အသားစားတဲ့အခါမှာ တွဲစားလို့အကောင်းဆုံးဖြစ်ပါတယ်။

6.Nabak Kimchi 나박김치

Nabak Kimchi 나박김치 ဟာ ကိုရီးယားစကားလုံး nabaknabak (나박나박) ဆိုတာကနေ ဆင်းသက်လာတာ ဖြစ်ပြီး အသီးအရွက်တွေကို လှီးဖြတ်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဒီကင်မ်ချီဟာ အရည်ပုံစံကင်မ်ချီဖြစ်ပြီး မုန်လာဥနဲ့ မုန်ညှင်းစိမ်းတွေကို အတုံးသေးသေးလေးတွေလှီးပြီး ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ အရည်သောက်ပုံစံမျိုးလေးဖြစ်ပါတယ်။ Nabak Kimchi 나박김치 ဟာ Dongchimi 동치미 လို့ခေါ်တဲ့ ဟင်းလျာတစ်မျိုးနဲ့ ဆင်တူပြီး Nabak Kimchi 나박김치 ကိုတော့ နွေဦးနဲ့ နွေရာသီမှာ စားလေ့ရှိပြီး Dongchimi 동치미 ကတော့ ဆောင်းရာသီမှာ အစားများကြပါတယ်။

7.Chive Kimchi (ကုဆိုင်ကင်မ်ချီ) 부추김치 Buchu Kimchi

ကြက်သွန်မြိတ် ကင်မ်ချီနဲ့ ကုဆိုင်ကင်မ်ချီ ပုံစံတော်တော်လေး ဆင်တူပေမယ့် ကွဲပြားမှုအနည်းငယ်တော့ ရှိပါတယ်။ ကုဆိုင်ကင်မ်ချီဟာ ပိုနူးညံပြီးတော့ ကိုရီးယားနိုင်ငံ‌တောင်ပိုင်း Gyeongsang (경상도) ပြည်နယ်မှာ နွေရာသီဆိုရင် အစားများကြပါတယ်။ ကုဆိုင်ကင်မ်ချီ လုပ်နည်းကလဲ တခြားကင်မ်ချီလုပ်နည်းတွေအတိုင်း ochugaru (고추가루)၊ ငါးငံပြာရည်၊ Saeu-jeot (새우젓)(အချဉ်ဖောက်ထားတဲ့ ပုဇွန်)၊ တွေနဲ့ ပြုလုပ်နိုင်ပါတယ်။ တခြားကင်မ်ချီတွေနဲ့ မတူတာက ကုဆိုင်ကင်မ်ချီကို စားဖို့ အကြာကြီးထားစရာမလိုပဲ ခဏလေးစားနိုင်ပါတယ်။ အကြာကြီးထားရင် ပါဝင်ပစ္စည်းတွေကြောင့် အရသာအကောင်းဆုံး မရနိုင်လို့ပါ။

8.သခွားသီးကင်မ်ချီ |오이소박이 Oi-sobagi 

သခွားသီးကင်မ်ချီဆိုတဲ့ အတိုင်း ကိုရီးယားသခွားသီးကို သေးသေးပါးပါးလေးလှီးပြီး တခြားကင်မ်ချီတွေ လုပ်နည်းအတိုင်း ငါးငံပြာရည်နဲ့ Gochugaru (고추가루) တွေနဲ့ပဲ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒီကင်မ်ချီဟာ နွေရာသီတွေအတွက် စားလို့အကောင်းဆုံးဖြစ်ပြီး ရက်အကြာကြီးထားပြီး စားဖို့မလိုပဲ ခဏလေးနဲ့ စားနိုင်မှာဖြစ်ပါတယ်။ သိမ်းဆည်းထားရန် မရည်ရွယ်ပါ။ သခွားသီးကင်မ်ချီကိုတော့ များသောအားဖြင့် စွပ်ပြုတ်တွေနဲ့ တွဲစားလေ့ရှိပါတယ်။

#korea #myangoal #myanmar #traditional #food #kimchi 


Latest