တိုက်ခန်းကျဉ်းလေးထဲကနေ အာရှရဲ့ ဒုတိယအချမ်းသာဆုံးနေရာအထိ တက်လှမ်းလာတဲ့ TikTok သူဌေးကြီး

တိုက်ခန်းကျဉ်းလေးထဲကနေ အာရှရဲ့ ဒုတိယအချမ်းသာဆုံးနေရာအထိ တက်လှမ်းလာတဲ့ TikTok သူဌေးကြီး

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တစ်ရက်တည်းမှာတင် ဒေါ်လာ ၂၄ ဘီလျံကျော် ပိုင်ဆိုင်မှု ခုန်တက်သွားပြီး အာရှရဲ့ ဒုတိယအချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာတဲ့သူကတော့ TikTok ရဲ့ မိခင်ကုမ္ပဏီ ByteDance ကို တည်ထောင်သူ အသက် ၄၃ နှစ်အရွယ် ကျန်းယိမင်း (Zhang Yiming) ပဲ ဖြစ်ပါတယ်။

သူ့ရဲ့ ကြွယ်ဝမှုဟာ လွန်ခဲ့တဲ့ ၇ နှစ်အတွင်းမှာတင် ၇ ဆကျော်အထိ ထိုးတက်လာခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ပိုင်ဆိုင်မှု ဒေါ်လာ ၉၂.၈ ဘီလျံကျော်အထိ ရှိနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ တရုတ်နိုင်ငံမှာတော့ အချမ်းသာဆုံး ဖြစ်လာသလို၊ အာရှတိုက်မှာလည်း ဒေါ်လာ ၁၁၇ ဘီလျံ ချမ်းသာတဲ့ အိန္ဒိယသူဌေးကြီး ဂေါသမ် အဒါနီ (Gautam Adani) ပြီးရင် ဒုတိယအချမ်းသာဆုံးနေရာကို ရောက်ရှိလာတာပါ။

ကမ္ဘာ့အကြီးဆုံး ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းကြီးတွေဖြစ်တဲ့ BlackRock၊ Fidelity Investments နဲ့ T.Rowe Price Group တို့ကနေ ByteDance ကုမ္ပဏီရဲ့ တန်ဖိုးကို ပြန်လည်တွက်ချက် သတ်မှတ်ပေးခဲ့ပြီးနောက်မှာ ကုမ္ပဏီရှယ်ယာ ၂၁% ကို ပိုင်ဆိုင်ထားတဲ့ ကျန်းယိမင်းရဲ့ ပိုင်ဆိုင်မှုပါ အလိုအလျောက် အဆမတန် တက်သွားခဲ့တာ ဖြစ်ပါတယ်။ (၂၀၁၉ ခုနှစ်တုန်းက သူ့ရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၁၃ ဘီလျံပဲ ရှိခဲ့တာပါ)။

ကမ္ဘာတစ်ဝန်းမှာ TikTok ကို လူသုံးအလွန်များနေဆဲဖြစ်သလို၊ တရုတ်ပြည်တွင်းမှာလည်း လစဉ်ကြေးနဲ့ ဝန်ဆောင်မှုပေးဖို့ ပြင်ဆင်နေတဲ့ ‘Doubao’ AI chatbot က သုံးစွဲသူ သန်း ၃၀၀ ကျော်အထိ ရရှိထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်က TikTok လုပ်ငန်းတွေကိုလည်း အမေရိကန်သူဌေးတွေလက်ထဲ လွှဲပြောင်းပေးလိုက်ပြီဖြစ်လို့ ရှေ့ဆက်ပြီး အခက်အခဲမရှိ စီးပွားရေးလုပ်ကိုင်နိုင်မယ့် လမ်းပွင့်သွားခဲ့ပါပြီ။
မနှစ်ကမှ အသားတင်အမြတ် ဒေါ်လာဘီလျံ ၅၀ အထိ ရရှိခဲ့တဲ့ ByteDance ဟာ အနာဂတ် AI ဈေးကွက်ကို စိုးမိုးနိုင်ဖို့အတွက် ဒေါ်လာဘီလျံ ၇၀ အထိ ထပ်မံရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေသလို၊ ရှယ်ယာဈေးကွက်ထဲ (IPO) ဝင်ဖို့ အလားအလာအကောင်းဆုံး ကုမ္ပဏီအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။

လက်ရှိမှာတော့ ကျန်းယိမင်းဟာ ByteDance မှာ ရာထူးတာဝန်တွေ မယူထားတော့ပေမယ့် အဓိက ရှယ်ယာရှင်အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်တုန်းက ဘေဂျင်းမြို့က တိုက်ခန်းငယ်လေးတစ်ခုထဲမှာ သူငယ်ချင်းတချို့နဲ့အတူ ByteDance ကို စတင်တည်ထောင်ခဲ့ပြီး ယနေ့အချိန်မှာတော့ ကမ္ဘာကို လွှမ်းမိုးနိုင်တဲ့အထိ ရုန်းကန်အောင်မြင်လာခဲ့တဲ့ သူ့ရဲ့ဇာတ်လမ်းကတော့ တကယ့်ကို ချီးကျူးစရာ ကောင်းလှပါတယ်။


Latest