လမ်းပေါ်မှာ iPhone ကို Screen ပွင့်လျက်သား အတင်းဆွဲလုပြေးခံရတဲ့ ဒုက္ခကနေ သက်သာစေဖို့အတွက် Apple က “Anti-Snatching” လို့ ခေါ်တဲ့ လုံခြုံရေးစနစ်သစ်တစ်ခုကို တိတ်တဆိတ် စမ်းသပ်ပြင်ဆင်နေပါတယ်။ ဒီစနစ်က လက်ရှိရှိပြီးသား Stolen Device Protection ထက် ပိုမိုမြန်ဆန်ပြီး ထိရောက်မှုရှိအောင် ဖန်တီးထားတာပါ။
သူ့ရဲ့ အလုပ်လုပ်ပုံကတော့ အလွန် စမတ်ကျပါတယ်။ အကယ်၍ လမ်းမပေါ်မှာ ဖုန်းကို အတင်းလုယူခံလိုက်ရရင် ဖုန်းထဲမှာပါတဲ့ လှုပ်ရှားမှုအာရုံခံစနစ်က ရုတ်တရက် ခါယမ်းသွားတဲ့ အရှိန်ကို တန်းပြီး သိရှိမှာဖြစ်သလို၊ ကိုယ်ဝတ်ထားတဲ့ Apple Watch နဲ့ ကွန်နက်ရှင် အချက်ပြစနစ် ရုတ်တရက် ဝေးကွာသွားတာကိုပါ တွက်ချက်ပြီး ဖုန်းကို ချက်ချင်း Screen ပိတ်ကာ Lock ချပစ်မှာ ဖြစ်ပါတယ်။
ဒါတင်မကသေးပါဘူး၊ အိမ် ဒါမှမဟုတ် ရုံးလိုမျိုး ကိုယ်စိတ်ချရတဲ့နေရာမဟုတ်ဘဲ ပြင်ပပတ်ဝန်းကျင်တွေမှာ ဒီလို လုခံရတာ သေချာတယ်ဆိုရင် ဖုန်းကို Lock ချရုံတင်မကဘဲ ဖုန်းထဲက Saved Passwords တွေနဲ့ ဘဏ်လုပ်ငန်းသုံး App လိုမျိုး အရေးကြီးဒေတာတွေကိုပါ တစ်ပါတည်း အလိုအလျောက် ပိတ်ဆို့ ကာကွယ်ပေးသွားမှာပါ။
လက်ရှိမှာတော့ Apple က တရားဝင် ကြေညာခြင်းမရှိသေးဘဲ စမ်းသပ်ဆဲအဆင့်မှာပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ဒီစနစ်သာ တကယ်တမ်း ပါဝင်လာခဲ့ရင်တော့ ဖုန်းပွင့်နေတုန်း လုပြေးပြီး အချက်အလက်တွေ ခိုးယူမယ့်သူခိုးတွေအတွက် တကယ့်ကို အကြပ်ရိုက်သွားစေမယ့် နည်းပညာကောင်းတစ်ခု ဖြစ်လာမှာ သေချာပါတယ်။






