ဒီနှစ် iPhone ဝယ်ဖို့ စိတ်ကူးရှိရင်တော့ အရင်နှစ်တွေကထက် ပိုက်ဆံပိုစုထားဖို့ လိုပါလိမ့်မယ်
Apple ရဲ့ သက်တမ်းရင့် CEO အဖြစ် လာမယ့် စက်တင်ဘာလ (၁) ရက်နေ့အထိ တာဝန်ယူထားဦးမယ့် Tim Cook ကတော့ Apple ပစ္စည်းတွေရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး The Wall Street Journal နဲ့ အင်တာဗျူးမှာ သတိပေးစကား ပြောကြားသွားခဲ့ပါတယ်။ ဒါကတော့ လက်ရှိ တစ်ကမ္ဘာလုံးမှာ ရင်ဆိုင်နေရတဲ့ Memory Chip မလောက်ငှမှု ပြဿနာကြောင့် Apple အနေနဲ့ ထုတ်ကုန်သစ်တွေရဲ့ စျေးနှုန်းမြှင့်တင်ရမယ့် အခြေအနေကို မလွှဲမရှောင်သာ ရင်ဆိုင်နေရပြီဆိုတာပါပဲ။
တကယ်တော့ Apple ဟာ အစောပိုင်းတုန်းက ကုန်ကြမ်းစျေးနှုန်း တက်လာမှုကို သုံးစွဲသူ End User တွေအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့ အတတ်နိုင်ဆုံး ထိန်းညှိပေးခဲ့တာပါ။ အထူးသဖြင့် $599 နဲ့ ရောင်းချပေးနေတဲ့ MacBook Neo လိုမျိုး ဒါမှမဟုတ် အနိမ့်ဆုံး Storage ကို 512GB အထိ တိုးမြှင့်ပေးခဲ့တဲ့ M4 Mac Mini တို့လိုမျိုး တခြားကုမ္ပဏီတွေထက် ပိုမိုတန်ဖိုးရှိတဲ့ Price-to-Performance ထုတ်ကုန်တွေကို ဒီနှစ်ထဲမှာ ဆက်တိုက်ချပြခဲ့ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ကုန်ကြမ်းရှားပါးမှု အခြေအနေက ပိုမိုဆိုးရွားလာတာကြောင့် စျေးတက်ဖို့ပဲ ရှိပါတော့တယ်။
Tim Cook ရဲ့ အခုလို ကြိုတင်သတိပေးချက်ဟာ လာမယ့် စက်တင်ဘာလမှာ ထွက်ရှိလာတော့မယ့် iPhone 18 Series နဲ့ Apple ရဲ့ ပထမဆုံး ခေါက်ဖုန်းဖြစ်လာမယ့် iPhone Fold တို့ စျေးကြီးလာတော့မယ်ဆိုတာကို အရိပ်အမြွက် ပြောလိုက်တာနဲ့ တူနေပါတယ်။ Siri AI စနစ်အသစ်ရဲ့ လိုအပ်ချက်အရ အနိမ့်ဆုံး (Base Model) iPhone 18 မှာတင် RAM 12GB အထိ ထည့်သွင်းပေးရတော့မှာ ဖြစ်လို့ ယခင်သတ်မှတ်ထားတဲ့ စတင်စျေး $799 ထက် ပိုမိုမြင့်မားလာနိုင်သလို၊ ပထမဆုံးအကြိမ် ထွက်ရှိလာမယ့် ခေါက်ဖုန်းကလည်း $2,000 နဲ့ $2,500 ကြားအထိ စျေးနှုန်းရှိသွားနိုင်ပါတယ်။ ဒါကြောင့် အိုင်ဖုန်းအသစ်ကိုမှ ကိုင်ချင်ပါတယ်ဆိုတဲ့ ပရိသတ်တွေအနေနဲ့တော့ အခုကတည်းက ဘတ်ဂျက်ကို ပိုပြီး ပြင်ဆင်စုဆောင်းထားကြဖို့ တိုက်တွန်းချင်ပါတယ်။






