ဒေါ်နယ်ထရမ့်ရဲ့ နာမည်ကြီးအမှတ်တံဆိပ်ဟာ အခုဆိုရင် စမတ်ဖုန်းဈေးကွက်ထဲ ခြေလှမ်းကျယ်ကြီးနဲ့ ဝင်ရောက်လာခဲ့ပါပြီ။
Trump Organization ကနေ ‘T1 Phone’ လို့အမည်ပေးထားတဲ့ ရွှေရောင်အသွင်နဲ့ ဖုန်းအသစ်တစ်လုံးကို မိတ်ဆက်လိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဖုန်းဟာ တကယ်ပဲ ထရမ့်ရဲ့ထုတ်ကုန်အစစ်အမှန်လား၊ ဒါမှမဟုတ် နာမည်ကိုအသုံးပြုထားတဲ့ စီးပွားရေးဗျူဟာတစ်ခုသာလားဆိုတာ လူအများရဲ့ စိတ်ဝင်စားမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။
Trump Organization ရဲ့ ကြေညာချက်အရ ဒီဖုန်းဟာ လာမယ့် ဩဂုတ်လမှာ ဈေးကွက်ထဲ ရောက်ရှိမှာဖြစ်ပြီး၊ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၄၉၉ သာရှိပါတယ်။ “အမေရိကမှာ ထုတ်လုပ်သည်” ဆိုတဲ့ ဆောင်ပုဒ်နဲ့ တင်ဆက်ထားတဲ့ ဒီဖုန်းဟာ ရွှေရောင်ဒီဇိုင်းနဲ့ ဆွဲဆောင်မှုရှိလှပါတယ်။ ဒါ့အပြင် “The 47 Plan” လို့ခေါ်တဲ့ မိုဘိုင်းဝန်ဆောင်မှုအစီအစဉ်ကိုလည်း တွဲဖက်မိတ်ဆက်ထားပါတယ်။ ဒီအစီအစဉ်ရဲ့ လစဉ်ကြေးဟာ ဒေါ်လာ ၄၇.၄၅ ဖြစ်ပြီး၊ ထရမ့်ရဲ့ ၄၅ နဲ့ ၄၇ ယောက်မြောက် အမေရိကန်သမ္မတသက်တမ်းကို ရည်ညွှန်းထားတဲ့ အမှတ်တံဆိပ်တစ်ခုလည်း ဖြစ်ပါတယ်။
ဒီဖုန်းရဲ့ စိတ်ဝင်စားဖို့အကောင်းဆုံး အချက်ကတော့ Trump Mobile ရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ ထုတ်ပြန်ချက်ပါပဲ။ အဲဒီမှာ “ဒီထုတ်ကုန်တွေကို Trump Organization က ဒီဇိုင်းဆွဲတာ၊ ထုတ်လုပ်တာ၊ ဒါမှမဟုတ် ရောင်းချတာမဟုတ်ဘူး” လို့ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ ဒါဆိုရင် ဒီဖုန်းကို ဘယ်သူက ထုတ်လုပ်နေတာလဲ?
စုံစမ်းကြည့်တဲ့အခါ ‘DTTM Operations LLC’ ဆိုတဲ့ ကုမ္ပဏီတစ်ခုက ‘Trump’ နာမည်ကို မိုဘိုင်းဖုန်းတွေအတွက် အသုံးပြုဖို့ မူပိုင်ခွင့်လျှောက်ထားခဲ့တာကို တွေ့ရပါတယ်။ ဒါက ဘာကိုဆိုလိုလဲဆိုရင် Trump Organization ဟာ ဖုန်းကို ကိုယ်တိုင်ထုတ်လုပ်တာမဟုတ်ဘဲ၊ သူတို့ရဲ့ အမှတ်တံဆိပ်နာမည်ကို လိုင်စင်ခွင့်ပြုပေးပြီး စီးပွားရေးအမြတ်ရယူတဲ့ သဘောတူညီချက်တစ်ခုသာ ဖြစ်နိုင်ပါတယ်။
အကျဉ်းချုပ်နဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်
‘T1 Phone’ ဆိုတာ နည်းပညာဆန်းသစ်တီထွင်မှုတစ်ခုထက်၊ နိုင်ငံရေးအမှတ်တံဆိပ်နဲ့ စီးပွားရေးအခွင့်အလမ်းကို ပေါင်းစပ်ထားတဲ့ ဈေးကွက်ဗျူဟာတစ်ခုလို့ ပြောလို့ရပါတယ်။
ဒီဖုန်းကို ဝယ်ယူသူတွေဟာ နည်းပညာထုတ်ကုန်တစ်ခုကို ရယူတာထက်၊ ထရမ့်ရဲ့ နာမည်နအမှတိတံဆီပိါပေးနဲ့ သူတို့ထောက်ခံတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ အမှတ်တံဆိပ်ကို ပိုင်ဆိုင်ခွင့်ရမှာပါ။ ဖုန်းကို ဘယ်သူထုတ်လုပ်သည်ဖြစ်စေ၊ ဒီထုတ်ကုန်ရဲ့ နောက်ကွယ်က အဓိကရောင်းကုန်ကတော့ ‘Trump’ ဆိုတဲ့ နာမည်ပဲ ဖြစ်မယ်ဆိုတာ သေချာပါတယ်။
ref – BBC News






