မြောက်ကိုရီးယားက “စမတ်ဖုန်း” တွေရဲ့ ထူးခြားချက်
ဒီသတင်းက တော်တော်လေး စိတ်ဝင်စားစရာကောင်းပါတယ်။
နာမည်ကြီး YouTuber Mrwhosetheboss က မြောက်ကိုရီးယား ကနေ ခိုးထုတ်လာတဲ့ စမတ်ဖုန်းနှစ်လုံးကို စမ်းသပ်ပြသခဲ့တာပါ။ ဒီဖုန်းတွေဟာ နည်းပညာပစ္စည်းထက် အစိုးရရဲ့ ထိန်းချုပ်ရေး ယန္တရား လို ဖြစ်နေတယ်ဆိုတာ တွေ့ရတယ်။
သုံးကြည့်ရသလောက် ဖုန်းထဲမှာ စာရိုက်ရင်တောင် တင်းကြပ်ထားတယ်။ ဥပမာ- “တောင်ကိုရီးယား” လို့ ရိုက်လိုက်ရင် “ရုပ်သေးရုပ်နိုင်ငံ” လို့ အလိုလို ပြောင်းပစ်တာမျိုး၊ ခေါင်းဆောင်နာမည်ဆို စာလုံးအမည်း (Bold) ဖြစ်သွားတာမျိုးတွေ ပါဝင်တယ်။
သူတို့နိုင်ငံမှာသုံးတဲ့ဖုန်းတွေက Wi-Fi စနစ်ပါပေမဲ့ သုံးလို့မရအောင် ပိတ်ထားတယ်။ “Mirae” ဆိုတဲ့ ပြည်တွင်း ကွန်ရက်ကိုပဲ ID ကတ်နဲ့ သုံးခွင့်ပေးထားတယ်။
နောက်ပြီး ပြည်ပကနေ ယူလာတဲ့ ဖိုင်တွေကို “Red Flag” စနစ်နဲ့ အလိုအလျောက် ဖျက်ပစ်ပါတယ်။
အကြောက်ဆုံးက ဒါပဲ။ ဖုန်းသုံးနေတဲ့အချိန်မှာ Screen ကို Screenshot တွေ ခိုးရိုက်ပြီး မှတ်တမ်းတင် ထားတယ်။ ဒီပုံတွေကို ကိုယ်ပြန်ကြည့်လို့လည်း မရဘူး၊ ဖျက်လို့လည်း မရဘူး။ အာဏာပိုင်တွေက လိုအပ်ရင် စစ်ဆေးဖို့အတွက် သက်သေ အဖြစ် ကျန်နေမှာဖြစ်လို့ သုံးစွဲသူကို အမြဲတမ်း စောင့်ကြည့်နေသလို ဖြစ်နေတာပါ။
ပြောရရင် မြောက်ကိုရီးယား ဖုန်းတွေဟာ ဆက်သွယ်ဖို့ ကိရိယာထက် ပြည်သူတွေကို ထိန်းချုပ်ဖို့ တီထွင်ထားတာမျိုး ဖြစ်နေတယ်လို့ သုံးသပ်နိုင်ပါတယ်။






