Your cart is currently empty!

Google ဟာ ခေါက်ဖုန်းနဲ့ Tablet အသစ်တွေကို လက်ရှိအခြေအနေမှာ ထုတ်လုပ်ဖို့ အစီအစဉ် မရှိသေးဘူးလို့ သိရ
Google မှ အကြီးတန်းအရာရှိတွေရဲ့ ပြောကြားချက်အရ Google ဟာ ခေါက်ဖုန်းနဲ့ Tablet အသစ်တွေကို လက်ရှိအခြေအနေမှာ ထုတ်လုပ်ဖို့ အစီအစဉ် မရှိသေးဘူးလို့ သိရပါတယ်။
Devices and Services ဌာနရဲ့ ဒုတိယဥက္ကဋ္ဌ Shakil Barkat က Bloomberg နဲ့ တွေ့ဆုံမေးမြန်းမှုမှာ Pixel 10 Pro Fold လိုမျိုး ခေါက်ဖုန်းတစ်မျိုးဖြစ်တဲ့ flip foldable တွေနဲ့ ၂၀၂၃ ခုနှစ်က ထွက်ခဲ့တဲ့ Pixel Tablet ရဲ့ နောက်ဆက်တွဲဖြစ်တဲ့ Pixel Tablet 2 တို့ကို ထုတ်လုပ်ဖို့ အစီအစဉ်မရှိသေးဘူးလို့ အတည်ပြုပြောကြားခဲ့ပါတယ်။
Barkat က “ထုတ်ကုန်အမျိုးအစားအသစ်တွေ ထပ်ထည့်လိုက်တိုင်း အသုံးပြုသူတွေအတွက် ထိန်းသိမ်းရတဲ့ အဆင့်တွေ ပိုများလာပါတယ်” လို့ ပြောခဲ့ပြီး “အခုတောင်မှ အတော်လေး ခက်ခဲနေပါပြီ” လို့ ပြောဆိုခဲ့ပါတယ်။ ဒီအချက်တွေကြောင့် Samsung လို ကုမ္ပဏီတွေကိုပဲ အခုလို ထုတ်ကုန်တွေ ထုတ်လုပ်ဖို့အတွက် လွှဲပေးထားလိုက်ပုံရပါတယ်။ ဒါ့အပြင် smart glasses တွေရဲ့ အခြေအနေကတော့ TBD (To Be Determined) ဖြစ်ပြီး လက်ရှိမှာ အခြားအရာတွေကိုပဲ အာရုံစိုက်နေတယ်လို့ ဆိုပါတယ်။
Google Hardware နဲ့ Android ဌာန အကြီးအကဲ Rick Osterloh ကတော့ Pixel 10 ကို “super strong release” လို့ ဖော်ပြခဲ့ပြီး ဒီထုတ်ကုန်ဟာ “mature category” တစ်ခုအဖြစ် ရောက်ရှိလာပြီလို့ ပြောပါတယ်။ Pixel 11 ကိုလည်း အပြီးသတ်လုပ်ဆောင်နေပြီလို့ သိရပြီး Pixel 12 ကိုတော့ စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။ Google ရဲ့ design အကြီးအကဲ Ivy Ross ကတော့ Pixel ဖုန်းတွေရဲ့ ဒီဇိုင်းကို “နှစ်နှစ် သို့မဟုတ် သုံးနှစ်တစ်ကြိမ်” ကြီးမားတဲ့ ပြောင်းလဲမှုတွေ ပြုလုပ်သွားဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
Google အဖွဲ့သားတွေကတော့ လာမယ့်နှစ်တွေမှာ AI (Gemini) ဟာ ဖုန်းတွေအတွက် အကြီးမားဆုံး ဆန်းသစ်တီထွင်မှုတွေ ဖြစ်လာမယ်လို့ တွန်းအားပေးပြောကြားခဲ့ပြီး Magic Cue လို feature တွေဟာ သုံးစွဲသူတွေ လိုအပ်တဲ့ အချက်အလက်တွေကို ဖုန်းထဲကနေ ရှာဖွေဖော်ပြပေးနိုင်မှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။