စျေးမတက်မယ့် iPhone အသစ်များ
လက်ရှိကမ္ဘာ့စျေးကွက်မှာ မှတ်ဉာဏ်ချစ်ပ်ပြားရှားပါးမှုနဲ့ သိုလှောင်မှုအပိုင်း စျေးနှုန်းတွေ မြင့်တက်နေပေမဲ့ Apple ကတော့ သူတို့ရဲ့ နောက်ဆုံးပေါ် iPhone 18 Pro Series တွေကို စျေးနှုန်းတိုးမြှင့်ခြင်းမရှိဘဲ မိတ်ဆက်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒါဟာ ဖုန်းစျေးနှုန်းတွေ တရိပ်ရိပ်တက်နေတဲ့ အခြေအနေမှာ အသုံးပြုသူတွေအတွက် သတင်းကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။
အခုထွက်ပေါ်နေတဲ့ သတင်းတွေအရ iPhone 18 Pro နဲ့ Pro Max မော်ဒယ်တွေဟာ ယခင်နှစ်က စျေးနှုန်းအတိုင်းသာ ဆက်လက်ရှိနေမှာဖြစ်ပြီး အခြေခံသိုလှောင်မှုပမာဏအတွက် စျေးနှုန်းအပြောင်းအလဲ ရှိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ သိုလှောင်မှုပမာဏ ပိုမိုများပြားတဲ့ ဗားရှင်းတွေကို ရွေးချယ်မယ်ဆိုရင်တော့ ကုန်ကြမ်းစျေးနှုန်း အတက်အကျကြောင့် အရင်ကထက် စျေးအနည်းငယ် ပိုများသွားနိုင်တယ်လို့လည်း ခန့်မှန်းရပါတယ်။ Apple အနေနဲ့ အခြေခံမော်ဒယ်တွေရဲ့ စျေးနှုန်းကို ထိန်းညှိထားခြင်းအားဖြင့် ပြိုင်ဆိုင်မှုပြင်းထန်နေတဲ့ စမတ်ဖုန်းစျေးကွက်မှာ အသာစီးရယူဖို့ ကြိုးစားနေတာလည်း ဖြစ်နိုင်ပါတယ်။






