ရုပ်ရှင်အရှည်ကြီးတွေကို စက္ကန့်ပိုင်းနဲ့ ဒေါင်းလုဒ်ဆွဲနိုင်မယ့် ကမ္ဘာ့ပထမဆုံး ကူးသန်းရောင်းဝယ်ရေးသုံး 10G Broadband ကွန်ရက်ကို တရုတ်နိုင်ငံ စတင်မိတ်ဆက်

ရုပ်ရှင်အရှည်ကြီးတွေကို စက္ကန့်ပိုင်းနဲ့ ဒေါင်းလုဒ်ဆွဲနိုင်မယ့် ကမ္ဘာ့ပထမဆုံး ကူးသန်းရောင်းဝယ်ရေးသုံး 10G Broadband ကွန်ရက်ကို တရုတ်နိုင်ငံ စတင်မိတ်ဆက်

အင်တာနက်လောကကို တစ်ခေတ်ဆန်းစေမယ့် သတင်းကောင်းတစ်ခု ထွက်ပေါ်လာခဲ့ပါပြီ။ တရုတ်နိုင်ငံဟာ ကမ္ဘာ့ပထမဆုံး ကူးသန်းရောင်းဝယ်ရေးသုံး 10-Gigabit (10G) အဆင့်မြင့် Broadband အင်တာနက်ကွန်ရက်ကြီးကို Huawei နဲ့ China Unicom တို့ ပူးပေါင်းပြီး Hebei Province ရှိ ရှုံအန်း (Xiong’an) မြို့သစ်တွင် စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

ဒီ 10G ကွန်ရက်သစ်ကြီးဟာ ခေတ်မီဆန်းသစ်တဲ့ 50G PON နည်းပညာကို အသုံးပြုထားတာကြောင့် လက်ရှိရှိနေတဲ့ အင်တာနက်လိုင်းတွေထက် ၁၀ ဆနီးပါး ပိုမိုမြန်ဆန်လာမှာပါ။ လက်တွေ့စမ်းသပ်မှုတွေအရ —

(Download Speed): တစ်စက္ကန့်လျှင် 9,834 Mbps အထိ ရှိပါတယ်။

(Upload Speed): တစ်စက္ကန့်လျှင် 1,008 Mbps အထိ ရရှိမှာ ဖြစ်ပါတယ်။

(Latency): 3 Milliseconds (ms) အထိသာ ရှိတော့တာမို့ လုံးဝ လိုင်းမကျဘဲ ချောမွေ့နေမှာပါ။

ထင်သာမြင်သာရှိမယ့် နှိုင်းယှဉ်ချက်: ပုံမှန် 1Gbps အင်တာနက်လိုင်းတစ်ခုမှာ အရွယ်အစား 20GB ရှိတဲ့ 4K ရုပ်ရှင်ကားကြီးတစ်ကားကို ဒေါင်းလုဒ်ဆွဲဖို့ ၁၀ မိနစ်နီးပါး စောင့်ရတတ်ပေမယ့်၊ အခု 10G ကွန်ရက်သစ်မှာဆိုရင်တော့ စက္ကန့် ၂၀ မပြည့်ခင် ဖြတ်ကနဲ ဒေါင်းလုဒ်ဆွဲပြီးသား ဖြစ်သွားမှာပါ။

ဒီလို မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန်တဲ့ အမြန်နှုန်းကြောင့် အိမ်သုံးဖျော်ဖြေရေးကဏ္ဍတွေဖြစ်တဲ့ 8K Ultra-HD ဗီဒီယို Streaming ကြည့်ခြင်း၊ VR/AR (Virtual/Augmented Reality) နည်းပညာများနဲ့ Cloud Gaming အပြင် Smart Home စနစ်တွေကိုပါ အကောင်းဆုံး ပံ့ပိုးပေးနိုင်မှာပါ။

ဒါတင်မကသေးဘဲ အနာဂတ်ရဲ့ Artificial Intelligence (AI) နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများ၊ တယ်လီမက်ဒီဆင် (အဝေးရောက် ကျန်းမာရေးစောင့်ရှောက်မှု)၊ အဝေးသင်ပညာရေးနှင့် စိုက်ပျိုးရေးကဏ္ဍတွေအတွက်ပါ အင်မတန် အကျိုးပြုမယ့် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံသစ်တစ်ခု ဖြစ်လာတော့မှာ ဖြစ်ပါတယ်။


Latest