Your cart is currently empty!
2025 ခုနှစ်ရဲ့ Seollal(설날) ပွဲတော်ကို ဘယ်လို ပါဝင်ဆင်နွှဲကြမလဲ ?
ကိုရီးယားလူမျိုးတွေအတွက် အရေးကြီးဆုံး အားလပ်ရက်တွေထဲက တစ်ခုကတော့ Seollal ( 설날 ) ဒါမှမဟုတ် ကိုရီးယားနှစ်သစ်ကူးနေ့ ဖြစ်ပါတယ်။ ကိုရီးယားလူမျိုးတွေဟာ သုံးရက်ကြာကျင်းပတဲ့ အမျိုးသားအားလပ်ရက်ဖြစ်တဲ့ Seollal ကို နှစ်စဥ်နှစ်တိုင်း ကျင်းပလေ့ ရှိကြပါတယ်။ ကိုရီးယားလူမျိုးတွေ အနေနဲ့ အမွေအနှစ်ကို ထိန်းသိမ်းတဲ့အပြင် ကိုရီးယားတစ်နိုင်ငံလုံး ကျင်းပြကြတဲ့ ပွဲတော်အချိန်အခါလဲ ဖြစ်ပါတယ်။
ဒီကာလမှာ မိဘတွေနဲ့ တခြားဆွေမျိုးတွေဆီ သွားရောက်လည်ပတ်ဖို့ ကိုယ့်ရဲ့မွေးရပ်မြေကိုလဲ ပြန်သွားကြလေ့ရှရှိပါတယ်။ နိုင်ငံရပ်ခြားမှာ နေထိုင်တဲ့ ကိုရီးယားလူမျိုးတွေဆိုလဲ မိခင်နိုင်ငံကို မပြန်နိုင်ရင်တောင် ဒီအားလပ်ရက်ကို ကျင်းပကြပါတယ်။ ဒီပွဲတော်ကို တောင်ကိုးရီးယားနဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံစလုံး အားလပ်ရက်အနေနဲ့ ကျင်းပကြပါတယ်။
ကိုရီးယားနှစ်သစ်ကူးပွဲတော်ကို lunisolar ပြက္ခဒိန် (လပြက္ခဒိန်) ပေါ်မူတည်ပြီး ဇန်န၀ါရီလ ဒါမှမဟုတ် ဖေဖော်ဝါရီမှာ ကျင်းပတာဖြစ်ပါတယ်။ ပွဲတော်ကို နှစ်သစ်ကူးမတိုင်ခင်ရက်နဲ့ နှစ်သစ်ကူးပြီး နောက်တစ်ရက်ကိုပါ ကျင်းပတာကြောင့် သုံးရက်တိုင်တိုင် ကျင်းပတာဖြစ်ပါတယ်။
2025 ခုနှစ်ရဲ့ Seollal ပွဲတော်ကို January လမှာ သုံးရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်ပြီး 28 ရက်နေ့ကနေ 30 ရက်နေ့အထိ ဖြစ်ပါတယ်။ကျွန်တော်တို့ မြန်မာလူမျိုးတွေလဲ စိတ်ပါဝင်စားလို့ ပါဝင်ဆင်နွှဲချင်ရင်လဲ ကိုရီးယားတွေရဲ့ ဓလေ့ထုံးတမ်းတွေကိုတော့ လိုက်နာဖို့ သတိပြုကြပါ။ ဒီပွဲတော်ကာလအတွင်းမှာ ယောကျ်ားလေးတွေရော မိန်းကလေးတွေပါ ရိုးရာအခမ်းအနားအတွက် ကိုရီးယားရိုးရာဝတ်စုံ (Hanbok) ကို ဝတ်ဆင်ကြလေ့ရှိပါတယ်။ ဒါကြောင့် Hanbok ဝတ်ပြီး ဓာတ်ပုံကောင်းကောင်း ရိုက်ချင်သူတွေအတွက်လဲ အချိန်ကောင်းတစ်ခု ဖြစ်ပါတယ်။
Seollal ရဲ့ အဓိကအစားအစာကတော့ ဆန်ကိတ်စွပ်ပြုတ် Tteokguk (떡국၊ Rice cake soup) ဖြစ်ပြီး ဒီအားလပ်ရက်အတွက် တစ်နှစ်မှာ တစ်ကြိမ်သာ စားကြလေ့ရှိပါတယ်။ ဒီစွပ်ပြုတ်ကို စားသောက်ခြင်းဖြင့် တစ်နှစ်ပတ်လုံး ကံကောင်းခြင်းတွေ ရရှိပြီး အသက်တစ်နှစ်ကြီးသွားပြီဆိုတဲ့ အဓိပ္ပါယ်နဲ့ စားကြတာဖြစ်ပါတယ်။
ဒါ့အပြင် Mandu (만두၊ ဖက်ထုပ်)၊ Bulgogi (불고기၊ အသားကင်)၊ Galbi-jjim (갈비찜၊ နံရိုးပြုတ်) တို့ကိုလဲ စားကြပါသေးတယ်။ သရေစာအဖြစ်လဲ Yaksik (약식၊ အခွံမာသီးနဲ့ သစ်သီးတွေပါတဲ့ ဆန်ချို)၊ Sujeonggwa (수정과၊ သစ်ကြံပိုးခေါက်နဲ့ဂျင်း အချိုရည်)၊ Sikhye (식혜၊ ဆန်ချိုအေး) တို့ကိုလဲ သရေစာအဖြစ် အချိုတည်းကြတဲ့အပြင် လက်ဆောင်အဖြစ်လဲ ပေးကြပါသေးတယ်။ Activities အနေနဲ့လဲ Yutnori လို့ခေါ်တဲ့ သစ်သားချောင်းလေးချောင်းနဲ့ ဆော့ရတဲ့ ရိုးရာကစားနည်းကိုလဲ ဆော့ကစားကြပါသေးတယ်။
ကဲဒါဆို Seollal ပွဲတော်ကို ဆင်နွှဲကြတဲ့အခါမှာ Hanbok ဝတ်တာအပြင် ဒီအစားအစာတွေ၊ ဒီကစားနည်းတွေကို စမ်းကြည့်ကြဖို့လဲ မမေ့ကြပါနဲ့။
#seollal #festival #thingstodo #korea #myanmar #MyanGoal #newyear







Leave a Reply
You must be logged in to post a comment.