Busan Christmas Tree Cultural Festival

ဆောင်းရာသီမှာကျင်းပတဲ့ Busan Christmas Tree Cultural Festival ကတော့ Nampo-dong ဧရိယာ Gwangbok လမ်းတလျှောက် ခရစ္စမတ်သစ်ပင်တွေကို အရွယ်အစားအမျိုးမျိုး၊ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ မီးရောင်စုံအလှဆင်ထားတဲ့ ပွဲတော်ဖြစ်ပါတယ်။ Gwangbok ယဉ်ကျေးမှုနဲ့ ဖက်ရှင်လမ်းကတော့ Gukje Market ဝင်ပေါက်ကနေစပြီး မီတာ 600 လောက် ရှည်တဲ့လမ်းဘဲ ဖြစ်ပါတယ်။ ဒီလမ်းဟာ ဟိုးအရင်ကတည်းက အထည်ဆိုင်တွေ များစွာရှိပြီး ညဘက်တွေ ဒါမှမဟုတ် စနေ၊ တနင်္ဂနွေတွေဆိုရင် အလွန်စည်ကားလေ့ရှိပါတယ်။
ဒီဇင်ဘာလ ရောက်ပြီဆိုရင်တော့ ဒီလမ်းမှာ ဘူဆန်ခရစ္စမတ်သစ်ပင် ယဉ်ကျေးမှုပွဲတော်ကို ကျင်းပလေ့ရှိပြီး လမ်းကိုလဲ လူသွားလူလာ သီးသန့်နေရာအဖြစ် ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။ ဆောင်းရာသီမှာ ဘူဆန်က လူငယ်တွေရဲ့ တက်ကြွမှုနဲ့ energy ကို ခံစားလို့အကောင်းဆုံး နေရာကောင်းတစ်ခုလဲ ဖြစ်တဲ့အပြင် ဒီဧရိယာမှာ စားသောက်ဆိုင်ကောင်းကောင်းတွေလဲ များစွာရှိပါတယ်။ ကြည်နူးစရာကောင်းတဲ့ သီချင်းသံတွေနဲ့အတူ အံ့မခန်းဖျော်ဖြေမှုတွေကြောင့် အေးမြတဲ့ ဆောင်းညတွေမှာ ဒီလိုခမ်းနားထည်ဝါတဲ့ ပွဲတော်ကို လည်ပတ်ကြည့်ရှုဖို့အတွက် Nampo-dong ကို လာရောက်ကြတာဘဲ ဖြစ်ပါတယ်။
Gwangbok လမ်းကိုစဝင်လိုက်ပြီဆိုတာနဲ့ လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေကို ကြိုဆိုဖို့အတွက် ခရစ္စမတ်သစ်ပင်ပုံစံကို LED မီးသီးတွေနဲ့ ကန်တော့ချွန် ပုံသဏ္ဍာန်ပြုလုပ်ထားပြီး ထိပ်မှာလဲ အနီရောင်ပန်းပွင့်ပုံသဏ္ဍာန် LED မီးနဲ့ အလှဆင်ထားတာဖြစ်ပါတယ်။ ဒီနေရာရှေ့မှာ ဓာတ်ပုံရိုက်လို့ ကောင်းတာကြောင့် ဓာတ်ပုံရိုက်နေတဲ့သူတွေနဲ့ ပြည့်ကျပ်ပြီး လူစည်ကားလေ့ရှိတာကို တွေ့ရမှာဘဲ ဖြစ်ပါတယ်။
Gwangbok လမ်းနှစ်ဘက်စလုံးမှာ သစ်ပင်တွေ စီတန်းလျက်ရှိပြီး ဒီလမ်းသစ်ပင်တွေရဲ့ အကိုင်းအခက်တွေပေါ်မှာ LED မီးတွေနဲ့ ပန်းတွေ ပွင့်လန်းနေသလို အလှဆင်ထားတာ ဖြစ်ပါတယ်။
သမင်ရုပ်တွေနဲ့ ခရစ်စမတ်သစ်ပင်တွေကို LED မီးနဲ့ အလှဆင်ထားတာတွေကိုလဲ လမ်းတလျှောက်တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။
ဘူဆန်ခရစ္စမတ်သစ်ပင်ယဉ်ကျေးမှုပွဲတော်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ပလာဇာရှေ့မှာ တိုက်ရိုက်ဖျော်ဖြေပွဲတွေနဲ့လဲ ဖျော်ဖြေလျက်ရှိပါတယ်။ အမျိုးအစားကွဲပြားတဲ့ သီချင်းမျိုးစုံတွေနဲ့လဲ လာရောက်လည်ပတ်သူတွေကို ဖျော်ဖြေမှုရသ အပြည့်အဝ ပေးတာဖြစ်ပါတယ်။ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။ Nampo-dong ဧရိယာက Gwangbok လမ်းမှာ ကျင်းပတဲ့ Busan Christmas Tree Cultural Festival ဟာ LED မီးရောင်မျိုးစုံနဲ့ ယဉ်ကျေးမှုဖျော်ဖြေပွဲတွေနဲ့ ပြည့်နက်နေတာဖြစ်ပြီး ဒီဇင်ဘာလလောက်ကနေ ဇန်နဝါရီလအထိ ကျင်းပတာ ဖြစ်ပါတယ်။
2025 ခုနှစ်မှာလဲ Fountain Plaza ကို ဂုဏ်ပြုတဲ့အနေနဲ့ Gwangbok-ro အဝင်ပေါက်မှာ “The Light Fountain of Gwangbok” ဆိုတဲ့ ခေါင်းစဉ်နဲ့ တည်ဆောက်ထားဦးမှာ ဖြစ်ပါတယ်။ Busan ခရစ္စမတ်ယဉ်ကျေးမှုပွဲတော်ဟာ ပွဲတော်အငွေ့အသက်တွေအပြင် ဓာတ်ပုံရိုက်ဖို့အတွက် အမိုက်စား background တွေနဲ့ ရိုက်နိုင်မှာမလို့ အားလပ်ရက်ရာသီမှာ ချစ်ရသူတွေနဲ့ အချိန်ဖြုန်းလို့ကောင်းမယ့် ပွဲတော်တစ်ခု ဖြစ်ပါတယ်။
#Myanmar #Myangoal #korea #busan #festival


Latest