Jjimjilbang (찜질방) ဆိုတာဘာလဲ ?

Jjimjilbang (찜질방) ကတော့ ကိုးရီးယား ရိုးရာရေချိုးခန်းမျိုးဖြစ်ပြီး ကိုရီးယားယဉ်ကျေးမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ပါတယ်။ မြန်မာလိုဆိုရင် ချွေးထုတ်ခန်းအဖြစ် ခေါ်ဝေါ်လေ့ရှိပြီး ကိုရီးယားနိုင်ငံသာမက ကမ္ဘာအနှံ့ နာမည်ကြီး ရေပန်းစားပါတယ်။ ဒီလိုချွေးထုတ်ခန်းတွေ သွားတာဟာ စိတ်ဖိစီးမှုကို သက်သာစေခြင်း၊ သွေးလည်ပတ်မှု ကောင်းမွန်စေခြင်း၊ အဆိပ်ဖြေခြင်းနဲ့ ပြန်လည်နုပျိုခြင်း စတဲ့ ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရရှိပါတယ်။

ချွေးထုတ်ခန်းတွေမှာ အပန်းဖြေ အနားယူဖို့အတွက် နေ့စဥ်အချိန်မရွေး အသက်အရွယ်မရွေး အုပ်စုလိုက် တွေ့ရလေ့ရှိပြီး မိသားစုတွေ၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း အတူတူ အနားယူလို့ရပါတယ်။ ချွေးထုတ်ခန်းတစ်ခုနဲ့ တစ်ခု ဝင်ကြေးတွေ၊ ကုန်ကျစရိတ်တွေကတော့ ကိုယ်သွားတဲ့ နေရာပေါ်မူတည်ပြီး ကုန်ကျနိုင်တာ ဖြစ်ပါတယ်။

Jjimjilbang (ချွေးထုတ်ခန်း) မှာ နေရာနှစ်ခု အဓိကခွဲခြားထားပြီး ကျားမသီးသန့် ခွဲထားတဲ့ ရေချိုးခန်းတွေနဲ့ ကျားမရောထားနဲ့ sauna ဆိုပြီး ရှိပါတယ်။ ရေချိုးခန်းမှာ ရေချိုးတော့မယ်ဆိုရင်တော့ အဝတ်အစားတွေ အားလုံးကို ချွတ်ပစ်ရမှာပြီး မျက်နှာသုတ်ပုဝါ အသေးနဲ့ ရေချိုးခန်းသုံးပစ္စည်း (ခေါင်းလျှော်ရည်၊ ဆပ်ပြာ) တွေကိုပဲ ယူဆောင်သွားရမှာဖြစ်ပါတယ်။ ကိုရီးယားမှာ ချွေးထုတ်ခန်းရောက်ရင် ကိုယ်လုံးတီးနဲ့ ရေချိုးတာက ပုံမှန်ပဲမလို့ ရှက်စရာတော့ မလိုပါဘူး။ Sauna ကို သွားမယ်ဆိုရင်တော့ သူတို့သတ်မှတ်ထားတဲ့ pajamas ဝတ်စုံကို ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။ တစ်ချို့ချွေးထုတ်ခန်းတွေမှာ ‌ရေချိုးခန်းသုံးပစ္စည်းတွေ ပေးတာရှိသလို မပေးတဲ့ဟာတွေလဲ ရှိတာမလို့ ကြိုတင်ပြင်ဆင်သွားတာ အကောင်းဆုံးဖြစ်ပါတယ်။

Jjimjilbang (찜질방) မှာ ဘာတွေရှိလဲ။

  • ရေချိုးခန်း – ‌ရေချိုးဖို့အတွက်လဲ ရေပူရေအေးချိုးဖို့ နေရာတွေ (hot tubs, cold plunges)၊ ရေပန်းနဲ့ချိုးဖို့နေရာတွေ အစုံပါတတ်ပါတယ်။
  • Saunas – ကိုရီးယားရိုးရာ kiln saunas (Hanjeungmak – 한증막)၊ ရွှံ့စေး၊ ဆား ဒါမှမဟုတ် ကျောက်စိမ်းစတာတွေနဲ့ ပြင်ဆင်ပေးထားတဲ့ saunas တွေ ရှိပါတယ်။
  • Treatments – ခန္ဓာကိုယ်အနှံ့ နှိပ်နယ်ခြင်း၊ scrub တိုက်ခြင်းတွေအပြင် တခြားကျန်းမာရေးနဲ့ အလှအပဆိုင်ရာ treatments တွေလဲ ပြုလုပ်နိုင်ပါတယ်။
  • တခြားဝန်ဆောင်မှုများ – စားသောက်ဆိုင်တွေ၊ ရေကူးကန်တွေ၊ ကာရာအိုကေခန်းတွေ၊ ဆံပင်နဲ့ လက်သည်းအလှပြင်ဆိုင်တွေ၊ game rooms တွေနဲ့ ရုပ်ရှင်ရုံတွေပါ တစ်ချို့ချွေးထုတ်ခန်းတွေမှာ ရှိတတ်ပါတယ်။  

Jjimjilbang (찜질방) က ဘာကြောင့် လူကြိုက်များရတာလဲ။

တောင်ကိုရီးယားရဲ့ ယဉ်ကျေးမှု ဓလေ့တစ်ခုဖြစ်တဲ့အပြင် မိသားစုနဲ့ရော သူငယ်ချင်းတွေနဲ့ပါ အပန်းဖြေလို့ရပြီး လူမှုဆက်ဆံရေးအတွက် နေရာကောင်းတစ်ခု ဖြစ်ပါတယ်။ လူကြီးလူငယ်၊ အသက်အရွယ်၊ ကျား/မ မရွေး ပျော်ပျော်ရွှင်ရွှင်နဲ့ အပန်းဖြေနိုင်မယ့် နေရာလည်း ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ ကုထုံးတွေအတွက်လည်း နေရာကောင်းတစ်ခုဖြစ်ပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာ၊ သွေးလည်ပတ်မှု ကောင်းမွန်စေပြီး စိတ်ဖိစီးမှုကို သက်သာစေတာကြောင့်လည်း မကြာခဏ သွားကြလေ့ရှိပါတယ်။ 

#jjimjilbang #sauna #korea #myangoal #myanmar


Latest