AI Chatbot တွေက အခုခေတ်မှာ တစ်ခုခုကို သိချင်လို့ပဲဖြစ်ဖြစ်၊ ရှာဖွေချင်လို့ပဲဖြစ်ဖြစ် အရင်လို Google Search မှာ စာရိုက်ရှာပြီး ဝက်ဘ်ဆိုက်တွေကို တစ်ခုချင်းစီ ဝင်ဖတ်နေမယ့်အစား AI Chatbot တစ်ခုခုဆီ ပြေးပြီး တိုက်ရိုက်မေးမြန်းမိတာက လူတိုင်းလိုလို ဖြစ်နေတဲ့ အလေ့အထသစ်တစ်ခု ဝန်ခံရမှာပါ။
AI ဈေးကွက်ဝေစုနဲ့ သုံးစွဲသူစာရင်းဇယားတွေကို သေချာဖတ်ကြည့်တဲ့အခါမှာလည်း ဒါက သက်သေပြနေပါတယ်။ လက်ရှိမှာ ChatGPT ဟာ လစဉ်သုံးစွဲသူ အများပြားဆုံးနဲ့ နံပါတ်တစ်နေရာမှာ အခိုင်အမာ ကြီးစိုးထားသလို၊ သူ့ရဲ့နောက်မှာလည်း Gemini နဲ့ Claude တို့က သုံးစွဲသူ သန်းပေါင်းများစွာနဲ့ ထပ်ကြပ်မကွာ လိုက်နေကြတာပါ။ ဟုတ်ပါတယ်… နှစ်ပေါင်းများစွာ အမြစ်တွယ်ခဲ့တဲ့ Google Search ရဲ့ လစဉ်သုံးစွဲသူ ပမာဏကို လတ်တလောမှာ အမှီလိုက်ဖို့ လိုသေးတယ်ဆိုပေမဲ့၊ နောင်တစ်ချိန်မှာ အခြေအနေတွေ ပြောင်းလဲမသွားဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။
ကိုယ်တိုင်လည်း AI တွေကို သုံးစွဲတဲ့နေရာမှာ ပုဂ္ဂိုလ်ရေးအရ ခံယူထားတဲ့ ပုံစံလေးတွေ ရှိပါတယ်။ ChatGPT ကတော့ သူငယ်ချင်းတစ်ယောက်လို ပေါ့ပေါ့ပါးပါး စကားပြောရင်း အမေးအဖြေလုပ်ဖို့၊ တစ်ခုခုကို အသေးစိတ် တိုင်ပင်ဖို့အတွက် အင်မတန် အဆင်ပြေပါတယ်။ တစ်ဖက်မှာလည်း Gemini ကိုကျတော့ တိကျတဲ့ အချက်အလက် (Fact) တွေကို မြန်မြန်ဆန်ဆန် သိချင်တဲ့အခါ၊ ပိုမိုကောင်းမွန်တဲ့ Google Search အဆင့်မြင့်ဗားရှင်း သဘောမျိုးအဖြစ်ပဲ ပိုပြီး အသုံးချဖြစ်တာများပါတယ်ဗျာ။
ကဲ… စာဖတ်သူတို့ရော လက်ရှိမှာ ဘယ် AI Chatbot ကို အသုံးအများဆုံးလဲ၊ ဘယ်လိုနေရာမျိုးတွေမှာ သုံးဖြစ်နေကြလဲဆိုတာ ဝေမျှပေးခဲ့ကြပါဦး။






