AirPods 5 နဲ့ ပတ်သက်တဲ့ ပထမဆုံး အတွေ့အကြုံ

Apple က ပြီးခဲ့တဲ့အပတ်ကမှ AirPods 5 ကို မိတ်ဆက်ပေးခဲ့တာပါ။ ဒီတစ်ပတ်လုံး သေချာ စမ်းသပ်ကြည့်ပြီးတဲ့နောက်မှာတော့ AirPods 5 နဲ့ ပတ်သက်တဲ့ ပထမဆုံး အတွေ့အကြုံ လေးကို မျှဝေပေးလိုက်ပါတယ်။

AirPods 5 ရဲ့ ဒီဇိုင်းနဲ့ တပ်ဆင်ရတဲ့ ပုံစံက AirPods 4 အတိုင်းပဲမလို့ ဝတ်ဆင်ရတာ အရင်အတိုင်း တော်တော်လေး သက်သောင့်သက်သာ ရှိပါတယ်။ အတွင်းပိုင်း acoustic architecture အသစ်ကြောင့် Active Noise Cancellation စနစ်က မထင်မှတ်ထားလောက်အောင် ပိုကောင်းလာတာပါ။ Silicone ear tips ပါမလာလို့ ဖြတ်တောက်ပေးနိုင်စွမ်း နည်းမယ်လို့ ထင်စရာရှိပေမဲ့ AirPods 4 ထက် သိသိသာသာကို ပိုငြိမ်သွားပါတယ်။

Apple က low-noise microphones တွေနဲ့ open-ear ANC အတွက် သီးသန့် ပြင်ဆင်ထားတဲ့ compressor အသစ်ကို သုံးထားတာပါ။ ဘယ်ဘက်နဲ့ ညာဘက်နားမှာ အသံထွက်တာကို သီးခြားစီ တိုင်းတာပေးတာကြောင့် ANC စနစ်ကို ပိုပြီး ထိရောက်စေပါတယ်။

အသံပိုင်းမှာတော့ AirPods Pro 3 လောက် မပြတ်သားဘဲ low mids ဘက်မှာ နည်းနည်း ဝါးသလို ခံစားရပါတယ်။ ဒါပေမဲ့ iOS 27 ရဲ့ custom EQ စနစ်ပါလာလို့ အသံကို ကိုယ်တိုင် ပြန်ညှိလို့ရပါတယ်။ Adaptive Audio နဲ့ Transparency စနစ်တွေလည်း ပါတာမို့ AirPods Pro 3 မှာပါတဲ့ audio features အများစုကို ရရှိမှာပါ။

ဒါ့အပြင် အရင်က model အမြင့်မှာပဲ ရခဲ့တဲ့ Live Translation၊ Adaptive Audio နဲ့ Conversation Awareness စတဲ့ features တွေကို အခု AirPods 5 မော်ဒယ်တိုင်းမှာ ပါဝင်အောင် ပြုလုပ်ပေးထားပါတယ်။ ရေနဲ့ ဖုန်ဒဏ်ခံနိုင်ရည်မှာလည်း IP57 rating အထိ မြှင့်တင်ထားလို့ ချွေးနဲ့ အစိုဓာတ်ကို ပိုမို ခံနိုင်ရည်ရှိလာပါတယ်။

အရင်က ANC ကို AirPods 4 ရဲ့ ဈေးကြီးတဲ့ model မှာပဲ ထည့်ပေးခဲ့ပေမဲ့ အခု AirPods 5 မှာတော့ ၁၂၉ ဒေါ်လာနဲ့ ANC ပါတာကို ရနိုင်ပါပြီ။ ၁၄၉ ဒေါ်လာတန် အဆင့်မြှင့် model မှာတော့ Wireless Charging Case ပါလာမယ်၊ Battery ၁ နာရီ ပိုခံမယ်၊ stem ပေါ်မှာ swipe လုပ်ပြီး ထန်းချုပ်တဲ့ controls တွေ ပါဝင်လာမှာပါ။ Base model က ANC သုံးရင် Battery ၄ နာရီ ခံပြီး၊ ဈေးပိုပေးရတဲ့ model က ၅ နာရီ ခံပါတယ်။

ANC ပိုကောင်းလာတာရော ဈေးနှုန်း သက်သာသွားတာပါ ပေါင်းလိုက်ရင် AirPods 5 က အတော်လေး တန်တဲ့ ရွေးချယ်မှုပါ။ ဈေးကြောင့် ဝယ်ဖို့ တွန့်ဆုတ်နေသူတွေအတွက် အခု model က ဝယ်ဖို့ အကောင်းဆုံးပါပဲ။ AirPods Pro ဒါမှမဟုတ် ANC ပါတဲ့ AirPods 4 သုံးနေသူတွေ Upgrade လုပ်စရာ မလိုသေးပေမဲ့ model အဟောင်း သုံးသူတွေအတွက်တော့ အပြောင်းအလဲ အကြီးကြီး ဖြစ်သွားပါလိမ့်မယ်။ 


Latest