Apple ထုတ်ကုန်အမျိုးမျိုး တစ်ကမ္ဘာလုံးမှာ ရုတ်တရက် ဈေးနှုန်းမြင့်တက်သွားခြင်း

Apple ထုတ်ကုန်အမျိုးမျိုး တစ်ကမ္ဘာလုံးမှာ ရုတ်တရက် ဈေးနှုန်းမြင့်တက်သွားခြင်း
Apple Store ဝက်ဘ်ဆိုက်ကြီး ခေတ္တယာယီ ပိတ်သွားပြီးနောက် ပြန်လည်ပွင့်လာတဲ့အချိန်မှာတော့ သုံးစွဲသူတွေအနေနဲ့ Apple ထုတ်ကုန်အတော်များများကို ဈေးနှုန်းအသစ်တွေနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ မကြာသေးခင်ကမှ ကမ္ဘာ့ကုန်ကြမ်းနဲ့ မန်မိုရီချစ်ပ်ဈေးကွက် အဆမတန် မြင့်မားလာမှုကြောင့် Apple အနေနဲ့ ထုတ်ကုန်ဈေးနှုန်းတွေကို မြှင့်တင်ရတော့မယ်လို့ စီအီးအို တင်မ်ကွတ်ကိုယ်တိုင် အရိပ်အမြွက် ပြောကြားထားခဲ့တာမို့ ဒီလိုဈေးတက်လာတာဟာ နည်းပညာလောကအတွက်တော့ လုံးဝ ထင်မှတ်မထားစရာမျိုးတော့ မဟုတ်ခဲ့ပါဘူး။
ယခုတစ်ခေါက် ဈေးနှုန်းအပြောင်းအလဲမှာ ထူးခြားချက်အနေနဲ့ သုံးစွဲသူအများဆုံးဖြစ်တဲ့ iPhone စီးရီးတွေ ပါဝင်မလာခဲ့ပေမဲ့ ကျန်တဲ့ Apple ထုတ်ကုန်အမျိုးအစား အမြောက်အမြားဟာ သိသိသာသာ ဈေးနှုန်းမြင့်တက်သွားခဲ့ပါတယ်။ ၎င်းတို့အနက် Apple ရဲ့ ဈေးအသက်သာဆုံးနဲ့ စွမ်းဆောင်ရည်အကောင်းဆုံး Laptop အဖြစ် နာမည်ကြီးနေတဲ့ MacBook Neo အပြင် လူကြိုက်များလှတဲ့ အခြေခံ iPad မော်ဒယ်တွေနဲ့ iPad Mini တို့ဟာ မူရင်းဈေးထက် ဝန်းကျင် ဒေါ်လာ ၁၀၀ ခန့် ဈေးမြင့်သွားခဲ့ပါတယ်။
ဒါတင်မကသေးဘဲ အလယ်အလတ်နဲ့ အဆင့်မြင့် ထုတ်ကုန်တွေဖြစ်ကြတဲ့ iPad Air၊ iPad Pro၊ MacBook Air အပြင် Desktop ကွန်ပျူတာတွေဖြစ်တဲ့ iMac နဲ့ Mac Mini တို့ပါ ဒေါ်လာ ရာဂဏန်းအထိ နေ့ချင်းညချင်း ဈေးနှုန်းတွေ ခုန်တက်သွားခဲ့ပါတယ်။ တန်ဖိုးကြီးလှတဲ့ Spatial Computer ဖြစ်တဲ့ Vision Pro နဲ့ အိမ်သုံးဖျော်ဖြေရေးပစ္စည်းတွေဖြစ်တဲ့ HomePod Mini၊ HomePod နဲ့ Apple TV 4K တို့လည်း ဈေးနှုန်းအသစ်တွေ ဖြစ်ကုန်ကြသလို၊ အမြင့်ဆုံး ကွန်ပျူတာမော်ဒယ်ဖြစ်တဲ့ Mac Studio (M3 Ultra) ဆိုရင်တော့ ဒေါ်လာ ထောင်ဂဏန်းအထိကို အဆမတန် မြင့်တက်သွားခဲ့တာ တွေ့ရပါတယ်။
အချို့သော ထုတ်ကုန်တွေမှာ မူရင်းဈေးထက် ၂၀ ရာခိုင်နှုန်းနီးပါးအထိ ရက်ရက်စက်စက် ဈေးနှုန်းမြှင့်တင်လိုက်ရခြင်းနဲ့ ပတ်သက်ပြီး Apple ဘက်ကတော့ လက်ရှိကမ္ဘာ့ဈေးကွက်ထဲမှာ ကုန်ထုတ်လုပ်ငန်းသုံး ပစ္စည်းအစိတ်အပိုင်းတွေရဲ့ ဈေးနှုန်းဟာ သူတို့တစ်ခါမှ မကြုံဖူးလောက်အောင်ကို အလွန်အမင်း မြန်မြန်ဆန်ဆန် ထိုးတက်သွားခဲ့တာကြောင့် အခုလို မလွှဲမရှောင်သာ လိုက်လံပြင်ဆင်လိုက်ရတာဖြစ်ကြောင်း တရားဝင် အကြောင်းပြချက် ထုတ်ပြန်ထားပါတယ်။


Latest