အရသာအရှိဆုံး Jjigae အမျိုးအစားများ

Jjigae မှာ ပါဝင်ပစ္စည်းတွေပေါ်မူတည်ပြီး အမျိုးအစားနဲ့ နာမည်အခေါ်အဝေါ်တွေကွဲပြားသွားကြပါတယ်။ အမျိုးအစားအများကြီးထဲကမှ ဘယ်လို jjigae တွေက အစားအများဆုံးနဲ့ အရသာရှိဆုံးလဲဆိုရင်…….

ဒါဆို အကျော်ကြားဆုံးနဲ့ အရသာအရှိဆုံး jjigae (ကိုရီးယားစွပ်ပြုတ်) တစ်ချို့ကို ကြည့်လိုက်ကြရအောင်။

Jjigae အမျိုးအစားများ

Sundubu Jjigae (순두부찌개)

ဒီ Jjigae မှာ အဓိကပါဝင်ကတော့ တို့ဟူးပျော့ ဖြစ်ပါတယ်။ ဒီတို့ဟူးပျော့ကြောင့်ဘဲ ဟင်းရည်ကို ပိုပြီးအရသာပိုရှိစေတာ ဖြစ်ပါတယ်။ စွပ်ပြုတ်ထဲမှာ မှို၊ ကြက်သွန်နီ၊ zucchini တို့လိုဟင်းသီးဟင်းရွက်တွေ ပါဝင်ပြီး ကမာ၊ ဂုံး၊ ပုဇွန်တို့လို ပင်လယ်စာတွေအပြင် အမဲသား ဒါမှမဟုတ် ဝက်သားတွေလဲ ထည့်ခိုင်းလို့ရပါတယ်။ အသားမစားချင်ဘဲ သက်သက်လွတ် စားချင်ရင်လဲ အသားတွေ၊ ပင်လယ်စာတွေ မထည့်ခိုင်းလဲ ရပါတယ်။ 

ဟင်းရည်ထဲမှာ Gochujang (ကိုရီးယားငရုတ်သီးအနှစ်) ဒါမှမဟုတ် Gochugaru (ကိုရီးယားငရုတ်သီးမှုန့်) ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် ထည့်ထားတာ ဖြစ်ပါတယ်။ Jjigae ကိုတော့ dolsot လို့ခေါ်တဲ့ ကျောက်အိုးပူထဲမှာ ချက်လုပ်တာဖြစ်ပြီး ချက်ပြီးချင်းချင်း ပွက်ပွက်ဆူနေချိန်မှာ စားဖို့လာချပေးတာ ဖြစ်ပါတယ်။ တစ်ခါတစ်လေကျရင် ရိုးရာစားသောက်ဆိုင်တွေမှာ Jjigae ချက်ပြီးပြီးချင်း အပေါ်မှာ ကြက်ဥအနှစ်အစိမ်းကို ထည့်ပေးတတ်ပါတယ်။ 

Kimchi Jjigae (김치찌개)

Kimchi stew (kimchi jjigae) ကတော့ မိုးရာသီ ဒါမှမဟုတ် ဆောင်းရာသီမှာ လူကြိုက်အများဆုံးနဲ့ အကျော်ကြားဆုံး အစားအစာတွေထဲက တစ်ခုဖြစ်ပါတယ်။ အပြင်မှာ အေးနေတဲ့အချိန် ထမင်းပန်းကန်လုံးတစ်လုံးနဲ့ kimchi jjigae ကို တွဲစားရတာလောက် ကောင်းတာ ဘာမှမရှိပါဘူး။ ဒါ့အပြင် ဒီ jjigae က sundubu jjigae နဲ့ ဆင်တူပြီး ကင်မ်ချီနဲ့ တခြားပါဝင်ပစ္စည်းတွေ ပါဝင်တာ ဖြစ်ပါတယ်။ အသား၊ ပင်လယ်စာ ဒါမှမဟုတ် တို့ဟူးတွေကို ထပ်ထည့်နိုင်ပေမယ့်လည်း ဒီအတိုင်းထားပြီးစာတာက ရိုးရှင်းပြီး စစ်မှန်တဲ့ ကိုရီးယားအရသာကို စားနိုင်မှာ ဖြစ်ပါတယ်။ Kimchi ပါတာကြောင့် နည်းနည်းလေးချဉ်ပေမယ့် အရမ်းကြီးတော့ မစပ်ပါဘူး။ Kimchi jjigae ဟာ ကိုရီးယားအိမ်တွေမှာ အတွေ့ရများဆုံးနဲ့ အစားအများဆုံး ဟင်းလျာတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ 

Doenjang Jjigae (된장찌개)

Doenjang jjigae ကတော့ အရသာရှိရုံတင်မဟုတ်ဘဲ ရိုးရှင်းပြီး ချက်ပြုတ်ရလွယ်ကူတာကြောင့် နာမည်ကြီးပါတယ်။ ဒီကိုရီးယားစွပ်ပြုတ်ကို doenjang လို့ခေါ်တဲ့ ပဲပိစပ်အနှစ်နဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဟင်းရည်ထဲမှာ အရသာရှိတဲ့ ဟင်းသီးဟင်းရွက်တွေ၊ zucchini၊ အာလူး၊ ကြက်သွန်နီ၊ နဲ့ မုန်လာဥဖြူတွေလည်း ပါဝင်တဲ့အပြင် ကိုယ်ကြိုက်နှစ်သက်တဲ့ အသားဒါမှမဟုတ်ဟင်းသီးဟင်းရွက်တွေကိုလဲ ထည့်နိုင်ပါသေးတယ်။ ကိုယ့်ဘာသာအိမ်မှာ လုပ်စားချင်ရင်လဲ Sunchang Gung Doenjang (ကိုရီးယားပဲပိစပ်အနှစ်) ကို ကိုရီးယား ကုန်စုံဆိုင်မှာ ဝယ်ပြီး ကိုယ်ကြိုက်နှစ်သက်ရာ ဟင်းသီးဟင်းရွက်နဲ့ အသားတွေလည်း ထည့်နိုင်ပါတယ်။

Budae Jjigae (부대찌개)

Budae ကတော့ army base (military camp) အတွက် ကိုရီးယားစကားလုံးဖြစ်ပြီး Jjigae (찌개) ကတော့ stew ကို ခေါ်တာဖြစ်ပါတယ်။ ဒါကြောင့် Budae jjigae ကို “army stew” လို့လဲ ခေါ်ကြပါတယ်။ Budae Jjigae ကတော့ အမေရိကန်နဲ့ ကိုရီးယား နှစ်ခုလုံးရဲ့ယဉ်ကျေးမှုတွေကို ပေါင်းစပ်ထားတဲ့ ကိုရီးယားစွပ်ပြုတ်တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် ဒီစွပ်ပြုတ်ထဲမှာ ပုံမှန် jjigae မှာပါတဲ့ ပါဝင်ပစ္စည်းတွေအပြင် အမေရိကန်အစားအစာတွေဖြစ်တဲ့ spam(စည်သွပ်ဘူး ဝက်သား)၊ ဝက်အူချောင်း၊ စည်သွတ်ပြီး ဖုတ်ထားတဲ့ ပဲတွေနဲ့ ဒိန်ခဲတွေလဲ ပါဝင်ပါတယ်။ 

Ahl Jjigae (알찌개)

ဒီ Jjigae ကတော့ တခြား Jjigae တွေလို စပ်တာထက် နည်းနည်းလေးငန်ပါတယ်။ Ahl ကတော့ အရသာရှိရှိနှပ်ထားတဲ့ pollack ငါးဥကို ခေါ်တာဖြစ်ပြီး ဒီစွပ်ပြုတ်ကို နှမ်းဆီနဲ့ နှမ်းစေ့အနည်းငယ် ဖြူးထားတဲ့ ထမင်းနဲ့ မကြာခဏ တွဲစားလေ့ရှိပါတယ်။ စွပ်ပြုတ်ထဲမှာပါတဲ့ ငရုတ်သီးမှုန့်နဲ့ တို့ဟူးတွေနဲ့ pollack ငါးဥက အရသာရှိပြီးသားမလို့ နောက်ထပ်အရသာအမှုန့်တွေ မလိုအပ်ပါဘူး။ နောက်ထပ်ပါဝင်ပစ္စည်းတွေ၊ အရသာမှုန့်တွေ ထပ်ထည့်စရာ မလိုဘဲ ဒီအတိုင်းစားတာက မူရင်းအရသာစစ်စစ်ကို ခံစားနိုင်မှာဘဲ ဖြစ်ပါတယ်။

#korea #food #traditional #jjigae #soup #myangoal #myanmar 


Latest