ကိုရီးယားမှာ သက်သတ်လွတ်စားဖို့ ခက်ခဲနေလား ?

ကိုရီးယားမှာ သက်သတ်လွတ်စားဖို့ ရှာရခက်တယ်လို့ မကြာခဏ ပြောကြလေ့ရှိပါတယ်။ ဒါပေမယ့် ကိုရီးယားဟင်းလျာတွေအကြောင်း ပြောတဲ့အခါမှာ များ‌သောအားဖြင့် ထမင်း၊ အစပ်အရသာနဲ့ အသား တွေကတော့ မပါမဖြစ်ပါဘဲ။ ဒါကြောင့် အသားစားရတာမကြိုက်တဲ့သူတွေနဲ့ ကိုရီးယားစာစားချင်ရင် အခုပြောပြမယ့် Vegetarian food တွေကို မြည်းစမ်းကြည့်လိုက်ပါ။

ကိုရီးယားမှာ တွေ့နိုင်တဲ့ သက်သတ်လွတ်စားစရာ ရွေးချယ်စရာအမျိုးမျိုးထဲမှာ ကျွန်တော်တို့ MyanGoal ကနေပြီးတော့ ‌ရွေးချယ်ပေးထားတဲ့ အစားအစာတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

Yachae Bibimbap (야채비빔밥)

Bibimbap ကတော့ ကိုရီးယားစတိုင် ထမင်းသုပ်ဖြစ်ပြီး ကိုရီးယားအစားအစာတွေထဲမှာ အထူးခြားဆုံး ဟင်းလျာတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ကိုရီးယားရဲ့ အကောင်းဆုံး သက်သတ်လွတ် အစားအစာတွေထဲက တစ်ခုလဲဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံက မြို့တွေအလိုက် ဗားရှင်းအမျိုးမျိုး ပြုလုပ်ဖန်တီးပြီး ရောင်းချလေ့ရှိပါတယ်။ Bibimbap အများစုမှာ အသားပါတာ ( bulgogi bibimbap , 불고기 비빔밥 ) နဲ့ အသီးအရွက်တွေနဲ့ ကြက်ဥ ပါတဲ့ ( 야채 , yachae ) ရှိပါတယ်။ သက်သက်လွတ် စားချင်သူတွေအတွက် Yachae Bibimbap ကတော့ လူကြိုက်အများဆုံးနဲ့ အစားအများဆုံး ဖြစ်ပါတယ်။ Bibimbap ဟာ အရောင်အသွေးစုံတဲ့ ပါဝင်ပစ္စည်းတွေ အသုံးပြုထားတဲ့ ထမင်းသုပ်ဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်တွေမှာလဲ မှို၊ ပဲပင်ပေါက်၊ ကင်မ်ချီ ၊ မုန်လာဥနီတွေဟာ အဓိကပါဝင်တာ ဖြစ်ပါတယ်။

Japchae (잡채)

Japchae ကလဲ ကိုရီးယားမှာ လူကြိုက်များတဲ့ သက်သတ်လွတ် အစားအစာတစ်မျိုး ဖြစ်ပါတယ်။ ခေါက်ဆွဲကို ကန်စွန်းဥကနေ ပြုလုပ်ထားပြီး ခေါက်ဆွဲသားကလဲ ဖန်လိုမျိုး ကြည်ကြည်လေး ဖြစ်ပါတယ်။ Japchae ကတော့ ဒီဖန်ခေါက်ဆွဲကို အသီးအရွက်တွေနဲ့ ဒယ်အိုးထဲမှာ ပြုတ်ပြီး ပဲငံပြာရည်၊ နှမ်းဆီနဲ့ ငရုတ်ကောင်းတို့နဲ့ ချက်ထားတာ ဖြစ်ပါတယ်။ အသားနဲ့ ပြုလုပ်ထားတဲ့ Japchae ဗားရှင်းရှိပေမယ့်လည်း အစားအများဆုံး အမျိုးအစားကတော့ ဒီအသားမပါတဲ့ သက်သက်လွတ် Japchae ပဲ ဖြစ်ပါတယ်။  အသားမပါသောတစ်မျိုးဖြစ်သည်။ တခါတလေကျရင် Japchae အနည်းငယ်ကို banchan ( 반찬 ၊ အရံဟင်းလျာများ) အဖြစ် တည်ခင်းလေ့ရှိသလို main dish အဖြစ်လည်း မှာယူနိုင်ပါတယ်။

Kimchi jeon (김치전)

Jeon ကတော့ ဟင်းသီးဟင်းရွက်တွေ၊ အသား ဒါမှမဟုတ် ငါးတွေပါတဲ့ ကိုရီးယားပန်ကိတ် ဖြစ်ပါတယ်။ မိုးရာသီမှာဆိုလဲ makgeolli ( 막걸리 ၊ ကိုရီးယားဆန်အရက်) နဲ့ တွဲစားလေ့ရှိပါတယ်။ ဒီကိုရီးယားပန်ကိတ်ထဲမှာ အစားအများဆုံးနဲ့ လူကြိုက်အများဆုံး အမျိုးအစားနှစ်ခုကတော့ seafood jeon (haemul pajeon, 해물 파전) နဲ့ kimchi jeon (kimchi-jeon, 김치전) တို့ပဲ ဖြစ်ပါတယ်။

Sundubu jjigae (순두부찌개)

Sundubu jjigae မှာ အဓိကပါဝင်ကတော့ တို့ဟူးပျော့ ဖြစ်ပါတယ်။ ဒီတို့ဟူးပျော့ကြောင့်ဘဲ ဟင်းရည်ကို ပိုပြီးအရသာပိုရှိစေတာ ဖြစ်ပါတယ်။ စွပ်ပြုတ်ထဲမှာ မှို၊ ကြက်သွန်နီ၊ zucchini တို့လိုဟင်းသီးဟင်းရွက်တွေ ပါဝင်ပြီး ကမာ၊ ဂုံး၊ ပုဇွန်တို့လို ပင်လယ်စာတွေအပြင် အမဲသား ဒါမှမဟုတ် ဝက်သားတွေလဲ ထည့်ခိုင်းလို့ရပါတယ်။ အသားမစားချင်ဘဲ သက်သက်လွတ် စားချင်ရင်လဲ အသားတွေ၊ ပင်လယ်စာတွေ မထည့်ခိုင်းလဲ ရပါတယ်။ ဒါကြောင့် အသားနဲ့ မစားချင်ရင် သက်သက်လွတ်လုပ်ပေးဖို့တော့ မှာကတည်းက သတိပြုပါ။

Kongnamul gukbap (콩나물 국밥)

Kongnamul gukbap ကတော့ ပဲပင်ပေါက်ရယ် ထမင်းနဲ့ ပြုလုပ်ထားတဲ့ ဟင်းရည်ဖြစ်ပါတယ်။ ကိုရီးယားမှာ အစားများတဲ့ အိမ်ချက်ဟင်းလျာဖြစ်ပြီး တခါတလေကျရင် အရက်သောက်ပြီးသွားလို့ အရက်နာကျတာကို သက်သာချင်ရင် ဒီဟင်းရည်ကို သောက်လေ့ရှိပါတယ်။

Siraegi guk (시래기국)

Siraegi guk ကတော့ ဒန့်ဒလွန်ခြောက် ( horseradish leaves / siraegi ) ကို ပဲပိစပ်နဲ့ ချက်ထားတဲ့ ဟင်းရည်ဖြစ်ပါတယ်။ ငရုတ်သီးမှုန့်လဲ ပါဝင်တာကြောင့် ဟင်းရည်က နည်းနည်းလေးတော့ စပ်ပါတယ်။

#korea #myangoal #myanmar #vegan #food 


Latest