Facebook Myday ခိုးကြည့်တာတွေကို သိရတော့မယ့် Update အသစ်
Facebook ပေါ်မှာ သူများရဲ့ MyDay Story တွေကို လူမသိသူမသိ လိုက်လံချောင်းမြောင်းကြည့်ရှုလေ့ရှိသူတွေအတွက် စိုးရိမ်စရာဖြစ်လာစေမယ့် အခပေး Subscription စနစ်သစ်တစ်ခုကို Meta ကုမ္ပဏီက တရားဝင်စတင်ဖြန့်ချိလိုက်ပြီဖြစ်ပါတယ်။ အဆိုပါစနစ်သစ်ကို ‘Facebook Plus’လို့ အမည်ပေးထားပြီး အသုံးပြုသူများအနေနဲ့ လစဉ်ကြေးပေးဆောင်ကာ သာမန် User များထက် ပိုမိုအဆင့်မြင့်တဲ့ လုပ်ဆောင်ချက်များကို ရရှိအသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။
ဒီ ‘Plus’ ဗားရှင်းကို အသုံးပြုသူတွေအနေနဲ့ မိမိတို့ရဲ့ စမတ်ဖုန်းမျက်နှာပြင်ပေါ်က Application Icon ဒီဇိုင်းတွေကို စိတ်ကြိုက်အသစ်ပြောင်းလဲနိုင်မှာဖြစ်သလို၊ ပုံမှန်ဆိုရင် ၂၄ နာရီသာ သက်တမ်းရှိတဲ့ MyDay / Story တွေကိုလည်း ၄၈ နာရီ (၂ ရက်တိုင်တိုင်) သက်တမ်းတိုးပြီး တင်ထားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Stories တွေမှာ ထူးခြားဆန်းသစ်တဲ့ လှုပ်ရှားသက်ဝင်နေတဲ့ အသည်းပုံ Reaction (Animated Heart Reaction) တွေ ပေးပို့နိုင်မည့်စနစ်လည်း ပါဝင်လာမှာပါ။
အဓိက စိတ်ဝင်စားစရာအကောင်းဆုံးနှင့် လူပြောအများဆုံးဖြစ်နေသည့် အချက်မှာ Story ပိုင်ရှင်များအတွက် ပိုမိုအသေးစိတ်ကျသည့် အချက်အလက်များကို ဖော်ပြပေးမယ့် စနစ်သစ်ဖြစ်ပါတယ်။ Plus အသုံးပြုသူများက မိမိတို့တင်ထားတဲ့ Story ကို မည်သူက ဝင်ရောက်ကြည့်ရှုသွားလည်းဆိုတာကို နာမည်အလိုက် အတိအကျ လိုက်လံရှာဖွေနိုင်မှာ ဖြစ်တဲ့အပြင် ဘယ်အကောင့်က မိမိ Story ကို ဘယ်နှစ်ကြိမ်အထိ ထပ်ခါတလဲလဲ ပြန်လည်ကြည့်ရှုနေလည်း (Rewatch Count) ဆိုတာတွေပါ သိရှိနိုင်တော့မှာဖြစ်တာကြောင့် သူများအကောင့်များကို လိုက်လံစောင့်ကြည့်တတ်သူ (Stalker) များအတွက် လစ်ဟာသွားမည့် အခြေအနေမျိုး ဖြစ်လာစေပါတယ်။
ဒါပေမယ့် တစ်ဖက်မှာလည်း Plus အသုံးပြုသူအချင်းချင်းကြားမှာ သူများ Story ကို မိမိနာမည်လုံးဝမပေါ်ဘဲ (Anonymous) စနစ်ဖြင့် ဝင်ရောက်ကြည့်ရှုနိုင်မယ့် လုပ်ဆောင်ချက်ကိုလည်း ထည့်သွင်းပေးထားကြောင်း သိရပါတယ်။
အဆိုပါ ‘Plus’ ဗားရှင်း Features အသစ်များကို Facebook တစ်ခုတည်းမဟုတ်ပဲ Meta ကုမ္ပဏီပိုင် အခြားလူမှုကွန်ရက် App များဖြစ်ကြတဲ့ Instagram နဲ့ WhatsApp တို့မှာပါ သီးသန့်စီ လစဉ်ကြေးပေးဆောင်ပြီး အဆင့်မြှင့်တင် ဝယ်ယူအသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရှိရပါတယ်။






