နောက်ဆုံးမှ ရောက်လာမယ့် ဘုရင်လား၊ တကယ်ပဲ ခေါက်ဖုန်းမထုတ်နိုင်တာလား… စောင့်ကြည့်ရတော့မယ့် iPhone Ultra (Fold)

နောက်ဆုံးမှ ရောက်လာမယ့် ဘုရင်လား၊ တကယ်ပဲ ခေါက်ဖုန်းမထုတ်နိုင်တာလား… စောင့်ကြည့်ရတော့မယ့် iPhone Ultra (Fold)

နည်းပညာလောကမှာ အခုတလော အပြောအများဆုံး ထင်ကြေးပေးမှုကတော့ Apple ကနေ ထွက်ရှိလာမယ့် ကမ္ဘာ့ဈေးအကြီးဆုံး iPhone ဖြစ်လာမယ့် ‘iPhone Ultra’ ဒါမှမဟုတ် ‘iPhone Fold’ အကြောင်းပဲ ဖြစ်ပါတယ်။ ခေါက်လို့ရတဲ့ စခရင်ပုံစံမျိုးနဲ့ ထွက်ပေါ်လာမယ့် ဒီဖုန်းဟာ သေချာပေါက် အဆင့်မြင့်ဆုံးနဲ့ တန်ဖိုးအကြီးဆုံး စမတ်ဖုန်းအဖြစ် နေရာယူလာမှာပါ။ လက်ရှိ Android လောကရဲ့ ခေါက်ဖုန်းဘုရင် Galaxy Z Fold စီးရီးတွေတောင် ဒေါ်လာ ၁၇၀၀ ဝန်းကျင်အထိ ဈေးပေါက်နေတာမို့ လာမယ့် Apple ရဲ့ ခေါက်ဖုန်းကတော့ ဈေးသက်သာဖို့ ဘယ်လိုမှ လမ်းမရှိပါဘူး။

တကယ်တော့ ခေါက်ဖုန်းဈေးကွက်ကို ပြန်ကြည့်ရင် Android နည်းပညာကုမ္ပဏီကြီးတွေ ဖြစ်ကြတဲ့ Samsung နဲ့ HUAWEI တို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ (၂၀၁၉ ခုနှစ်) ကတည်းက ပထမဆုံး ခေါက်ဖုန်းတွေကို စတင်မိတ်ဆက်ပြီး လမ်းဖောက်ခဲ့ကြတာပါ။ အဲဒီနောက်မှာ Xiaomi၊ vivo၊ HONOR တို့အပြင် နောက်ပိုင်းမှာ Tecno နဲ့ Infinix တို့လို ကုမ္ပဏီတွေအထိ ခေါက်ဖုန်းလောကထဲကို အပြိုင်အဆိုင် ဝင်ရောက်လာခဲ့ကြပါတယ်။ ဆိုလိုချင်တာကတော့ Apple ဟာ တခြားပြိုင်ဘက်အားလုံးရဲ့ နောက်ကွယ်မှာ အဝေးကြီး ကျန်ရစ်ခဲ့ပြီးမှ ခေါက်ဖုန်းလောကထဲကို ခြေလှမ်းလှမ်းဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
Apple ပရိသတ်တွေ (Apple Fans) ကတော့ Apple အနေနဲ့ ထုတ်ကုန်တစ်ခုကို နောက်ကျမှ ထုတ်လေ့ရှိတာဟာ ပိုမိုကောင်းမွန်အောင် အနုစိတ်ပြင်ဆင်တာ၊ ပိုမိုတိကျပြီး အမှားအယွင်းကင်းအောင် စောင့်ကြည့်တာကြောင့်မို့လို့ဆိုပြီး ဂုဏ်ယူစွာ ပြောဆိုလေ့ရှိကြပါတယ်။ ဒါကြောင့် ဒီတစ်ခေါက် ထွက်လာမယ့် iPhone Fold ဟာလည်း တကယ်ပဲ Android ခေါက်ဖုန်းတွေထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန်တဲ့ နည်းပညာတွေ ပါဝင်လာမှာမို့လို့ နောက်ကျနေတာလား… ဒါမှမဟုတ် Apple ကိုယ်တိုင်က ခေါက်ဖုန်းနည်းပညာကို သေသေချာချာ မထုတ်လုပ်နိုင်သေးလို့ အခုလောက်အထိ အချိန်ဆွဲနေရတာလားဆိုတာကိုတော့ လာမယ့် စက်တင်ဘာလ Apple Event မှာပဲ အဖြေပေါ်တော့မှာ ဖြစ်ပါတယ်။

တကယ်လို့သာ ဒီနှစ်မှာလည်း မျှော်လင့်ချက်တွေ လွဲချော်ပြီး iPhone Fold အစား သာမန် iPhone တွေပဲ ထွက်ရှိလာခဲ့မယ်ဆိုရင်တော့… အာဆင်နယ်အသင်း ချန်ပီယံလိဂ်ဖလားနဲ့ လွဲချော်ခဲ့ရသလို၊ ဒါမှမဟုတ် ကိုယ်အချစ်ရဆုံးသူက ကိုယ့်ကို ပစ်သွားတဲ့အခါ ခံစားရတဲ့ ဝေဒနာမျိုးလိုပဲ Apple Fan တွေခမျာ ရင်ကျိုးရမယ့် ခံစားချက်မျိုး ခံစားသွားရနိုင်ပါတယ်။


Latest