Your cart is currently empty!
ဘူဆန်မြို့ဆိုတာ တောင်ကိုရီးယားနိုင်ငံရဲ့ အလှပဆုံးမြို့တစ်မြို့ဖြစ်သလို ခရီးသွားဧည့်သည်တွေ သွားရောက်လည်ပတ်မှု အများဆုံးနေရာတစ်ခုဖြစ်ပါတယ်။ လည်ပတ်စရာနေရာတွေအပြင် ပွဲတော်ပေါင်းများစွာကိုလဲ ကျင်းပလေ့ရှိပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal ကနေပြီးတော့ တင်ဆက်ပေးမှာကတော့ ဘူဆန်မြို့က အကောင်းဆုံးပွဲတော် 10 ခုဘဲ ဖြစ်ပါတယ်။
1.Joseon Tongsinsa ပွဲတော်
ကိုရီးယားနဲ့ ဂျပန်တို့ရဲ့ ယဉ်ကျေးမှုဖလှယ်မှုကို ကိုယ်စားပြုတဲ့ ပွဲတော်ဖြစ်ပြီး Joseon Tongsinsa ပွဲတော်ဟာ Imjin စစ်ပွဲ (1592-1598) အပြီး ဂျပန်နိုင်ငံနဲ့ သံတမန်ရေးရာ ကိစ္စတွေအတွက် စေလွှတ်တဲ့ ချစ်ကြည်ရေး စီတန်းလှည့်လည်ပွဲကို ပြန်လည်ဖန်တီးထားတဲ့ ပွဲတစ်ခုဖြစ်ပါတယ်။ ဘူဆန်မြို့မှာ ဒီပွဲတော်ကို ကျင်းပရခြင်းကတော့ မြို့တော်ရဲ့ သမိုင်းဝင်နဲ့ ပထဝီဝင်ဆိုင်ရာ အရေးပါမှုတွေကြောင့် နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဖလှယ်လို့ရမယ့် နေရာတစ်ခုဖြစ်တဲ့အပြင် ဂျပန်နိုင်ငံတွေဆီကို သံတမန်တွေ ထွက်ခွာရာနေရာလည်း ဖြစ်ပါတယ်။ ပွဲတော်မှာ သံတမန်(Tongsinsa)တွေ စီတန်းလှည့်လည်တာတွေ၊ ကိုရီးယား-ဂျပန် ယဉ်ကျေးမှု ဖလှယ်ပွဲတွေနဲ့ ပညာရေးဆိုင်ရာ ဆွေးနွေးပွဲတွေအတွက် အစီအစဉ်တွေ ပါဝင်ပါတယ်။ ဒီပွဲတော်ရဲ့ အဓိကကတော့ ပညာရှင်နဲ့ Joseon မင်းဆက်ရဲ့ အရာရှိတွေပုံစံ ဝတ်ဆင်ထားတဲ့ လူ ၁၀၀၀ ခန့် ဟာ ဂျိုဆွန်ခေတ်ကလို စီတန်းလှည့်လည်တာကို ပြန်လည်အသက်သွင်းတာဖြစ်ပါတယ်။ ဒီလို ရှားရှားပါးပါး ၅ ရာစုနှစ်လောက်က တော်ဝင်သံတမန်တွေ စီတန်းလှည့်လည်ပုံကို ကြည့်ရှုနိုင်တာမလို့ ကိုရီးယား ယဥ်ကျေးမှုနဲ့ သမိုင်းကြောင်း စိတ်ဝင်စားတဲ့သူတွေအနေနဲ့ လက်လွတ်မခံပါနဲ့။
တည်နေရာ- Gwangbok-dong၊ Jung-gu၊ Busan၊ ကိုရီးယားသမ္မတနိုင်ငံ
2.Busan Lotus မီးပုံးပွဲတော်
Busan Lotus မီးပုံးပွဲတော်ကတော့ ရိုးရာမီးပုံးတွေနဲ့ ဘူဆန်မြို့ရဲ့ ညကောင်းကင်ကို လှပစေပြီး ကိုရီးယားလူမျိုးတွေရဲ့ စိတ်နှလုံးကို စည်းလုံးစေတဲ့ အခါသမယဖြစ်ပါတယ်။ ရှေးခေတ်ကိုရီးယားလူမျိုးတွေဟာ အမှောင်ထုကို တောက်ပစေတဲ့ မီးပုံးတစ်ခုမှာ လေးနက်တဲ့ဆန္ဒနဲ့ မျှော်လင့်ချက်တွေကို သယ်ဆောင်ပေးသူအဖြစ် ယုံကြည်ကြပါတယ်။ အထူးသဖြင့် ကြာပန်းမီးပုံးတွေဟာ လောဘတွေနဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေကြောင့် မှောင်မိုက်နေတဲ့ နှလုံးသားကို လင်းစေတဲ့ သင်္ကေတအဖြစ် သတ်မှတ်ကြတာ ဖြစ်ပါတယ်။ ဘူဆန်မြို့က မြန်မာတွေအနေနဲ့လဲ သီတင်းကျွတ်၊တန်ဆောင်တိုင်ပွဲတော်တွေကို အလွမ်းပြေအနေနဲ့ သွားရောက်လည်ပတ်လို့ ကောင်းပါတယ်။ ဒါပေမယ့် ကိုယ့်နိုင်ငံက ပွဲတော်လောက်တော့ ရင်ထဲမရောက်နိုင်ပါဘူး။
တည်နေရာ- 121-1၊ Dongseong-ro 112beon-gil၊ Busanjin-gu၊ Busan၊
3.Jeongwol Daeboreum Moon Greeting Festival
Jeongwol Daeboreum Moon Greeting Festival ကတော့ နှစ်သစ်မှာ ကံဆိုးခြင်းတွေ ကင်းဝေးပြီ ကံကောင်းခြင်းတွေဖြစ်ကြပါစေလို့ ဆုတောင်းဖို့အတွက် ကျင်းပတဲ့ ရိုးရာပွဲတော်တစ်ခုဖြစ်ပါတယ်။ ဘူဆန်မြို့တဝိုက် လပြက္ခဒိန်ရဲ့ နှစ်သစ်ကူး ၁၅ ရက်မြောက်နေ့ (Jeongwol Daeboreum) မှာ ကျင်းပတာဖြစ်ပါတယ်။ ဒီပွဲတော်မှာ ကံကောင်းခြင်းတွေကို ဖိတ်ခေါ်ပြီး နှစ်သစ်အတွက် ကံဆိုးခြင်းတွေကို ဖယ်ရှားဖို့အတွက် လရဲ့အိမ် (daljip) ကို ကိုယ်စားပြုတဲ့ ထင်းပုံးတစ်ပုံကို မီးတင်ရှို့တဲ့ ရိုးရာဓလေ့က အဓိကဖြစ်ပါတယ်။ ပွဲတော်ကို Haeundae၊ Gwangalli၊ Songdo နဲ့ Igidae တို့မှာ တပြိုင်နက်ကျင်းပကြတာ ဖြစ်ပါတယ်။ ဒီပွဲတော်ကို လာရောက်လည်ပတ်သူ စွန်လွှတ်ခြင်း၊ ကိုရီးယားရိုးရာကစားနည်း(yutnori) ကစားခြင်း၊ ခြေတစ်ချောင်းနဲ့ ဆော့ရတဲ့ ကစားပွဲတွေအပြင် tuho နဲ့ jegichagi တို့လို ရိုးရာကစားနည်းတွေကိုကစားနိုင်ပါတယ်။ Pungmunori (ရိုးရာကိုရီးယားဂီတဖျော်ဖြေပွဲ) အပါအဝင် ဖျော်ဖြေပွဲမျိုးစုံကို ဖျော်ဖြေပေးပါသေးတယ်။
တည်နေရာ- 264၊ Haeundaehaebyeon-ro၊ Haeundae-gu၊ ဘူဆန်၊
4.Haeundae Sand Festival
Haeundae Sand Festival ကတော့ နှစ်စဉ် မေလ ဒါမှမဟုတ် ဇွန်လအစောပိုင်းမှာ Haeundae ရဲ့ သဲသောင်ဖြူကမ်းခြေမှာ ကျင်းပပြီး သဘာဝဂေဟစနစ်နဲ့ လိုက်ဖက်တဲ့ ယဉ်ကျေးမှု ခရီးသွားပွဲတော်တစ် ခုဖြစ်ပါတယ်။ 2005 ခုနှစ် APEC ထိပ်သီးအစည်းအဝေးမတိုင်မီ ရက်ပေါင်း 150 ပြည့် အထိမ်းအမှတ်ပွဲအဖြစ် စတင်ခဲ့ပြီး၊ သဲတွေကို အသုံးပြုကာ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့အပြင် Haeundae ကမ်းခြေရဲ့ အံ့မခန်းလှပတဲ့ မြင်ကွင်းကို တွေ့မြင်နိုင်မှာဘဲ ဖြစ်ပါတယ်။ ဒီပွဲတော်မှာ ကမ္ဘာကျော်အနုပညာရှင်တွေဟာ Haeundae ရဲ့ သဲသောင်ဖြူ ကမ်းခြေမှာ သူတို့ရဲ့ ထူးထူးခြားခြား သဲပန်းပုတွေကို လာရောက်ပြသကြတာ ဖြစ်ပါတယ်။
တည်နေရာ- 1411-25၊ Jung 1-dong၊ Haeundae-gu၊ ဘူဆန်၊
5.Hydrangea ယဉ်ကျေးမှုပန်းပွဲတော်
Hydrangea ယဉ်ကျေးမှုပန်းပွဲတော်ကို နွေရာသီအစောပိုင်းမှာ လတ်လတ်ဆတ်ဆတ် ပွင့်တဲ့ ရောင်စုံ hydrangeas (မြန်မာလို ၆ လပန်း) တွေကို ကြည့်ရှုနိုင်မှာဘဲ ဖြစ်ပါတယ်။ Taejongdae မှာရှိတဲ့ Taejongsa ဘုရားကျောင်းထဲက hydrangeas ပင်တွေဟာ ကမ္ဘာတစ်ဝှမ်းက မျိုးကွဲအမျိုးမျိုးရဲ့ ပျိုးပင်တွေကို စုဆောင်းထားပြီး နှစ်ပေါင်း ၄၀ ကျော် စိုက်ပျိုးခဲ့တာ ဖြစ်ပါတယ်။ ယခုအခါ hydrangeas အပင်ပေါင်း 5,000 ကျော်လောက်ကို ကြည့်ရှုနိုင်မှာဘဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလှပတဲ့ hydrangea ပန်းတွေရဲ့ အလှအပကို ကိုရီးယားလူမျိုးတွေ ပိုမိုသိရှိနိုင်အောင် Taejongsa နဲ့ Yeongdo-gu တို့မှာ Hydrangea ယဉ်ကျေးမှုပန်းပွဲတော်ကို 2005 ခုနှစ်မှာ စတင်ကျင်းပခဲ့ပါတယ်။
တည်နေရာ- 119၊ Jeonmang-ro၊ Yeongdo-gu၊ Busan
ဘူဆန်မြို့က အကောင်းဆုံး ပွဲတော်တွေကို ပြောပြပေးဖို့ ကျန်ပါသေးတယ်။ ဒါပေမဲ့ ကိုရီးယားကားတွေထဲကလို နောက်ရက်ကျရင် ကျွန်တော်တို့ MyanGoal – Travel ကနေတင်ဆက်ပေးသွားမှာပါ။ ဒါကြောင့် သိချင်သေးရင်တော့ Like & Follow လုပ်သွားခဲ့လိုက်ပါ။
#myangoal #Myanmar #busan #festival #korea







Leave a Reply
You must be logged in to post a comment.